မြစ်သား မေ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ယခုနှစ် နွေနှမ်းရိတ်သိမ်းချိန် အထွက်နှုန်းကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။၂၀၂၆ ခုနှစ် နွေနှမ်းများမှာ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နှမ်းအတွက်ကောင်းမွန်သည့် ရာသီဥတု ဖြစ်ခဲ့တာကြောင့် တစ်ဧကအထွက်နှုန်း မြင့်မားခဲ့ကြောင်း၊ ဈေးကွက်ပေါက်ဈေးအရ နှမ်းဖြူဈေးမှာ တစ်တင်း ၁၁၀,၀၀၀/-ကျပ်ကျော် ပေါက်ဈေးရရှိတာကြောင့် နွေနှမ်းစိုက်တောင်သူများ အဆင်ပြေကြောင်း မြစ်သားမြို့နယ်၊ ငါးဆူကျေးရွာမှ တောင်သူ ဦးကျော်စွာက ပြောသည်။
"ဒီနှစ်ရာသီဥတုလေးကမိုးနည်းတော့ နှမ်းအကြိုက် ရာသီဥတုဖြစ်ခဲ့တော့ အထွက်နှုန်းကောင်းကြပါတယ်၊၊ အခင်းကောင်းရင် တစ်ဧက ၁၅ တင်းလောက်ထိ ထွက်ကြသလို ပျမ်းမျှ ၁၀ တင်း အနည်းဆုံးထွက်ရှိပါတယ်။ ယခုနှစ်မှာတော့ နှမ်းဖြူထိပ်စ တစ်တင်းလျှင် ၁၁၀၀၀၀/-ကျပ် ရောင်းရတော့ နှမ်းတစ်ဧကလျှင် ဝင်ငွေ ၁၁ သိန်းကျော် ရရှိကြတဲ့အတွက် တောင်သူ တွေအဆင်ပြေပါတယ်" ဟု ၎င်းကပြောသည်။
နွေနှမ်းစိုက်ပျိုးမှုကို မတ်လကစတင်ကာ စိုက်ပျိုးပြီး ဇူလိုင်လဆန်းအတွင်း အပြီးရိတ်သိမ်းလေ့ရှိရာ ယခုနှစ် မိုးဦးကာလ မိုးရွာသွန်းမှု နည်းပါးတာကြောင့် နှမ်းစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းခြင်း ယခုနှစ်နွေနှမ်းရိတ်သိမ်းချိန် အထွက်နှုန်း ကောင်းမွန်ပြီး ဈေးကောင်းရရှိကြောင်း တောင်သူများထံမှ သိရသည်။
ဝါဝါမြင့်(မြစ်သား)