မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သီတာဆွေ တီဘီရောဂါတိုက်ဖျက်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားနှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်

မော်လမြိုင် မေ ၂၉

မွန်ပြည်နယ်တွင် စေတနာ့ဝန်ထမ်းကျန်းမာရေး စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါ တိုက်ဖျက်ရေးဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မော်လမြိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်သီတာဆွေက ကျွန်မတို့ မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဟာ ပြည်သူလူထုအတွင်း ပေါက်ဖွားလာသောအသင်းကြီးဖြစ်သည့်အတွက် ပြည်သူ့တစ်ရပ်လုံး၏ လူနေမှုဘဝအဆင့်အတန်းမြင့်မားလာစေရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စေတနာဝန်ထမ်း လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း၊ မိမိတို့အသင်းဝင်များနှင့် ကျန်းမာရေးဦးစီးဌာနရှိ အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းတို့ ပူးပေါင်း၍ တီဘီရောဂါနှင့် ပတ်သက်သည့် အသိပညာ၊ ဗဟုသုတများကို ပြည်သူလူထုအတွင်း ကျယ်ကျယ်ပြန့်ပြန့် ပိုမိုရရှိစေရေး၊ လူနာရှင်များပိုမို ရှာဖွေတွေ့ရှိစေရေး၊ လိုအပ်သည့် ကုသမှုများရရှိနိုင်ရေး၊ လူနာများအား ယခုထက် ပိုမိုကူညီညွှန်းပို့ပေးနိုင်ရန် ရည်ရွယ်၍ စီမံချက်ပါလုပ်ငန်းများအား ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အသင်းမှတီဘီရောဂါတိုက်ဖျက်ရေးအတွက် ယခုကဲ့သို့ တစ်ဖက်တစ်လမ်းမှ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများအတွက် တီဘီရောဂါ ကင်းစင်သော လူနေမှုဘဝကို တည်ထောင်နိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူး၍ အဆိုပါ စေတနာ့ဝန်ထမ်းကျန်းမာရေး စောင့်ရှောက်ပေးသူများအတွက် တီဘီရောဂါ တိုက်ဖျက်ရေး ဆင့်ပွားသင်တန်းကို သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ကြားခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်သီတာဆွေသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သည့် မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ပြီး ဦးစွာ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကက မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း(ဗဟို)၏ ရည်မှန်းချက်ဖြစ်သည့် မိခင်နှင့်ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူနေမှုဘဝအဆင့်အတန်း မြင့်မားတိုးတက်ရေးတို့ကို နှစ်ပေါင်းရှည်ကြာစွာ တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ပေးခဲ့သော ဦးဆောင်ဦးရွက်ပြုသူများ၊ ကျေးရွာ၊ ရပ်ကွက်၊ မြို့နယ်အသီးသီးရှိ ဦးဆောင်သူများနှင့် စေတနာ့ဝန်ထမ်းများ၏ စွမ်းစွမ်းတမံကြိုးပမ်းအားထုတ်မှုများနှင့် ဆောင်ရွက်ချက်များကို ဂုဏ်ပြုပါကြောင်း၊ ခရိုင်နှင့် မြို့နယ်များအနေဖြင့်လည်း မိမိတို့တာဝန်ထမ်းဆောင် နေစဉ်ကာလအတွင်းမှာ အသင်းရဲ့ အဓိကလုပ်ငန်းကြီး(၄)ရပ်ကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သက်ဆိုင်ရာ နှီးနွယ်ဌာနများ၊ မိတ်ဖက် အဖွဲ့အစည်းများနှင့် လက်တွဲညီညီပူးပေါင်းကာ ပြည်သူလူထု အကျိုးပြု လုပ်ငန်းဆောင်ရွက်မှုများကို ယခင်ကထက်ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မော်လမြိုင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌက မေလ၊ ဇွန်လနှင့် ဇူလိုင်လအတွင်း ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကက ခရိုင်နှင့် မြို့နယ်မိခင်နှင့်ကလေးဥက္ကဋ္ဌ၊ အတွင်း‌ရေးမှူးနှင့် အဖွဲ့ဝင်များအား အမှတ်တရ လက်ဆောင်ပစ္စည်း ပေးအပ်၍ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြောင်း သိရသည်။

စည်သူ (ပြန်/ဆက်)