မိုင်းယောင်း သြဂုတ် ၆
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူ ပြုစေရန်၊ တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာမှ ပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ်ရရှိနိုင်စေရန်နှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းနှင့် ဝန်ထမ်းများသည် သြဂုတ် ၅ ရက်က ကျေးရွာများ၌ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ဟောင်ကြန့်ကျေးရွာ(Type-1)ကို ၃၀၀ သိန်း၊ အောင်မြေဆည်း ဆာကျေးရွာ(Type-2)ကို ၂၀၀ သိန်း၊ ပါဆတ်ကျေးရွာ(Type-3)ကို ၁၀၀ သိန်း၊ ဝမ်ယွတ်ကျေးရွာ(Type-3)ကို ၁၀၀ သိန်း စသည့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP)ရန်ပုံငွေ လွှဲပြောင်းပေးအပ်ခြင်း၊ ကျေးရွာ ကော်မတီ ဝင်များနှင့် စာချုပ်ချုပ်ဆိုခြင်း၊ ရန်ပုံငွေ မတည်ငွေများ ထုတ်ချေးပေးခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းလောင် မှိုင်းထံမှ သိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းသည် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးပွားလာခြင်း၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် နည်းပညာများ ရရှိလာခြင်း၊ စိုက်ပျိုးရေး မွေးမြူရေး ထုတ်ကုန်လုပ်ငန်းများ တိုးတက်လာခြင်း၊ အသေးစား အငယ်စားစီးပွားရေး လုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းပေါ်ပေါက် လာခြင်း၊ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုအလေ့အထများ ဖွံ့ဖြိုးလာခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်း ဆောင်ရွက်မှု မြင့်မားလာခြင်း၊ နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက် အကူပြု နိုင်ခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)