နေပြည်တော် မေ ၂၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ နေပြည်တော် ပြည်သူ့ဆေးရုံကြီးခုတင် (၃၀၀) နှင့် တပ်ကုန်းမြို့ ပြည်သူ့ဆေးရုံခုတင် (၁၀၀)တို့မှ အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ အောင်စည်သာကျောင်းတိုက်၌ ဒေသခံပြည်သူများကို ကွင်းဆင်း၍ အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပုဗ္ဗသီရိမြို့နယ်၊ အောင်သာယာရပ်ကွက်၊ အောင်စည်သာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ နဝကမ္မအလှူငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အဆိုပါကျောင်းတိုက်၌ ဒေသခံပြည်သူများကို အခမဲ့ဆေးကုသကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လာရောက်ဆေးကုသမှုခံယူသည့် ဒေသခံပြည်သူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အာဟာရဖြစ် စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ဆေးစိမ် ခြင်ထောင်များပေးအပ်ခဲ့ပြီး အထူးကုဆရာဝန်ကြီးများကို အမှတ်တရ သစ်သီးခြင်း ပေးအပ်ခဲ့သည်။
ယနေ့ ဒေသခံပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် အထူးကုဆရာဝန်များက အထွေထွေရောဂါ ၁၃၅ ဦး၊ ကလေး ၂၂ ဦး၊ ခွဲစိတ် ၁၅ ဦး၊ အရိုး ၈၁ ဦး၊ သားဖွားမီးယပ် ၁၄ ဦး၊ မျက်စိ ၁၁၂ ဦး၊ သွားနှင့်ခံတွင်း ၂၈ ဦး၊ အကြောအဆစ် ၄ ဦး၊ X- ray ၁၀၈ ဦးနှင့် Ultrasound ၁၇ ဦး စုစုပေါင်း ၅၃၆ ကို ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)