ကမာရွတ် ဇန်နဝါရီ ၁၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင် ကာကွယ်ထိန်းချုပ်ရေးအတွက် အမှတ် ၃ ရပ်ကွက်ရှိ အိမ်ထောင်စုများနှင့် လမ်းသွား လမ်းလာ ပြည်သူများ၊ လှည်းတန်းစျေး၊ ပေ(၅၀)လမ်းရှိ စျေးရောင်း စျေးဝယ်သူများအား Mask စနစ်တကျ တပ်ဆင်စေရေးအတွက် Mask များ ဖြန့်ဝေခြင်းနှင့် အသိပညာပေး ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က စုစုပေါင်းအင်အား (၂၇)ဦးဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ လူစည်ကား ရာနေရာများတွင် ပြည်သူများ အပြင်သွားရာ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask (၁၀၀၀) အခမဲ့ဖြန့်ဝေခြင်း၊ အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ လက်အိတ်များ ဖြန့်ဝေခြင်း၊ Face Shield များ အခမဲ့ဖြန့်ဝေခြင်း၊ လူစုလူဝေးရှောင်ကြဉ် ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အသိ ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကမာရွတ်မြို့နယ်အတွင်းရှိ စျေးများတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်/ဆက်)