လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့၌ မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြသ

လွိုင်လင် မေ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ မြို့မဈေးကြီးရှေ့၌ မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းနှင့် အသိပညာပေးဟောပြောခြင်းကို မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဦးစွာ ခရိုင်မီးသတ်ဦးစီးမှူး ဦးဇော်ဝင်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် မီးသတ်ဆေးဗူးအသုံးပြုနည်းတို့ကိုလည်းကောင်း၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးတင်ကိုကိုက မီးဘေးအန္တရာယ်ကင်းဝေးစေရန် စည်းကမ်းတကျ လိုက်နာဆောင်ရွက်ကြရန်လည်းကောင်း ပြောကြားကြသည်။

ထို့နောက် မီးငြှိမ်းသတ်ရေးဆိုင်ရာ သရုပ်ပြသခြင်းကို ဈေးသူ၊ ဈေးသားများ ကိုယ်တိုင်ပါဝင်၍ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်း၊ အသိပညာပေးဟောပြောခြင်းအခမ်းအနားသို့ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ဈေးသူ၊ ဈေးသားများ တက်ရောက်ခဲ့ကြသည်။

လွိုင်လင်မိုး