ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရေး တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် သဘာဝဓာတ်မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲ ဆောင်ရွက်

ဒဂုံဆိပ်ကမ်း မေ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်အတွင်းရှိ တောင်သူများ ဓာတ်မြေဩဇာလျှော့ချအသုံးပြုနိုင်စေရေးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် တောင်သူနည်းပညာပေးဆွေးနွေးပွဲနှင့် သဘာဝမြေဩဇာပြုလုပ်နည်း လက်တွေ့သင်တန်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက သရက်ပင်ချောင်ကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တောင်သူနည်းပညာပေးဆွေးနွေးပွဲတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်သက်ဦးက ဓာတ်မြေဩဇာသုံးစွဲမှုလျှော့ချရေးသည် ကုန်ကျစရိတ်သက်သာစေပြီး မြေဆီလွှာပျက်စီးမှုကို ကာကွယ်ကာ ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အဓိကကျကြောင်း၊ ဓာတ်မြေဩဇာ လျှော့ချနိုင်ရေးအတွက် သဘာဝမြေဆွေးအစားထိုးခြင်း၊ သစ်စိမ်းမြေဩဇာအသုံးပြုခြင်း၊ သီးနှံအလှည့်ကျစိုက်ပျိုးခြင်းနှင့် မှန် ၄ မှန်သုံးစွဲခြင်းနည်းလမ်းများကို အသုံးပြုနိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ယုမာအောင်က ဓာတ်မြေဩဇာသုံးစွဲမှုကို လျှော့ချ၍ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာများကို ပေါင်းစပ်သုံးစွဲမည်ဆိုပါက ကုန်ကျစရိတ်သက်သာခြင်း၊ သီးနှံအထွက်နှုန်းမထိခိုက်စေဘဲ ရေရှည်မြေဆီလွှာကျန်းမာရေးကောင်းမွန်လာမည်ဖြစ်ကြောင်းနှင့် စူပါဘိုကာရှီမြေဆွေးသုံးစွဲခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများနှင့် ငါးအမိုင်နိုအက်စစ် အသုံးပြုနည်းနှင့် ကောင်းကျိုးများကို တောင်သူနည်းပညာပေးဆွေးနွေးခဲ့သည်။

ဆက်လက်၍  ဖွဲနု၊ ဆန်ကွဲ၊ နွားချေး၊ EM နှင့် ထရိုင်ဂိုဒါးမား မှိုဆေးရည်အသုံးပြု၍ စူပါဘိုကာရှီမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်နှင့် ငါး၊ ထန်းလျက်ရည်၊ EM နှင့် ထရိုင်ဂိုဒါးမား မှိုဆေးရည်အသုံးပြု၍ ငါးအမိုင်နိုအက်စစ်နှင့် အင်ဇိုင်းအသီးအပွင့်အားဆေးရည် ပြုလုပ်နည်း အဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖြိုးစန္ဒာ (ဆိပ်ကမ်း)