အလုံ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသဇင်ခိုင်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ အဖွဲ့(၂)ဖွဲ့ခွဲကာ ဌာနာရပ်ကွက်သို့ ဒုတိယနေ့အဖြစ် ကွင်းဆင်းသွားရောက်၍ ရက်(၁၀၀) စီမံချက်တွင်ပါဝင်သော ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အဖွဲ့(၁)အား ကျန်းမာရေးမှူး-၁ ဦးသန်းနိုင် ဦးဆောင်၍ နံ့သာလမ်းနှင့် ဆင်မင်းလမ်းများသို့လည်းကောင်း၊ အဖွဲ့(၂) အား အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်မြတ်မွန်လှိုင် ဦးဆောင်၍ ဌာနာလမ်းသို့လည်းကောင်း ကွင်းဆင်းသွားရောက်ခဲ့ပြီး အသက် (၁၅)နှစ်အောက် ကလေးငယ်များ၏ ကာကွယ်ဆေးထိုးနှံမှုအခြေအနေအား ကာကွယ်ဆေးထိုးကဒ်များကို ဆန်းစစ်ကြည့်ရှုခြင်းဖြင့် ဖော်ထုတ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များရှာဖွေခြင်း (Active AN search) နှင့် ကိုယ်ဝန်ဆောင်ကာကွယ်ဆေးထိုးနှံမှု အခြေအနေအား ဆန်းစစ်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရွှေလုံသား(ပြန်/ဆက်)