ဥတ္တရသီရိမြို့နယ်တွင် နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း ဆောင်ရွက်

ဥတ္တရသီရိ ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော် ကောင်စီ၏  ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီခွဲ က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တင်ဒါကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးတင်ထွန်း က အဖွင့်အမှာ စကားပြောကြားရာတွင် တင်ဒါအောင်မြင်ရရှိသည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ညီအောင် ဆောင်ရွက်ကြစေလိုကြောင်း၊ နည်းပညာအဆိုပြုလွှာနှင့် QA/QC ဖွင့်ဖောက်စစ်ဆေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မင်းလှိုင် က လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိလုပ်ငန်းနှင့် သက်ဆိုင်သည့် အချက်အလက် များကို သိရှိ၍လိုက်နာဆောင်ရွက်သွားရန်နှင့် လုပ်ငန်းများ အောင်မြင်စေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူ များနှင့် ပူးပေါင်းဆောင်ရွက်သွားရန် ရှင်းလင်းပြောကြားသည်။

ထို့နောက် တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦး က ကျပ်သန်း(၁၀၀) အထက် လုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြောကြားပြီး နည်းပညာအဆိုပြုလွှာနှင့် QA/QC များအား ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးခဲ့သည်။

ဥတ္တရသီရိမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏  ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အထက် လုပ်ငန်းများမှာ ရွှေနံ့သာရပ်ကွက်တွင် ကျောက်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းနှင့် တက်ရှိန်းကျေးရွာတွင် ကုန်ထုတ်လမ်းခင်းခြင်း လုပ်ငန်းတို့ ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)