မော်လမြိုင် မေ ၂၈
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ ဒီမိုကရေစီစနစ်၏အင်္ဂါရပ်များနှင့်အညီ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား တိုက်ရိုက်ထိတွေ့ဆွေးနွေးခွင့်ရရှိစေရန်နှင့် ပြည်သူ့အသံကိုအခြေခံပြီး ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မြို့ရွာသန့်ရှင်းသာယာလှပရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကို ယမန်နေ့နံနက် ၉ နာရီက ရွှေဘုံသာဘုရားဓမ္မာရုံတွင် ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ဒေသခံပြည်သူများအကြား နားလည်မှုရှိရှိ တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှမျိုးအောင်က ပြည်သူ့စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဥမ္မာဌေး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လင်း(ခ)ဦးထိန်လင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မြင့်ဌေး၊ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသန့်စင်ညိမ်း၊ ကျန်းမာရေးဦးစီးဌာန တာဝန်ခံ ဦးထွန်းထွန်းဝင်း၊ အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ခံတို့က မြို့ရွာသန့်ရှင်းသာယာလှပရေး ခေါင်းစဉ်ဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်များမှ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာများ စုစုပေါင်းအင်အား ၁၂၀ ဦးခန့် တက်ရောက်ခဲ့ပြီး တက်ရောက်လာကြသော ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့် ပြန်/ဆက်