ကော့မှူးမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

ကော့မှူး မေ ၂၈

“နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်က‌လေးအားလုံး‌ ကျောင်းအပ်နှံကြပါစို့‌ ဆောင်ပုဒ်”နှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးအခမ်းအနားကို မေ ၂၈ ရက် နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့သစ်ရပ်ကွက် အ.ထ.က‌(ကော့မှူး) အခြေခံပညာအထက်တန်း ကျောင်း နှင်းဆီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ အ.ထ.က (ကော့မှူး) ကျောင်းမှ ကျောင်းသား/ကျောင်းသူများက “‌ ကျောင်းအပ်ကြစို့” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် မြို့နယ်ပညာရေးမှူး ဦးသန်းထွန်း‌အောင်တို့ ပြောကြားရာတွင် နိုင်ငံတော်ရဲ့လူ့စွမ်းအား အရင်းအမြစ် တိုးတက်စေရေးအတွက် မျိုးဆက်သစ် လူငယ်များရဲ့ ပညာရည်မြင့်မားရေးအတွက်ကို အထူး‌အရေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံရဲ့အနာဂတ်ကို မျိုးဆက်သစ်လူငယ်များက တန်ဖိုးထားတဲ့ လူသားအရင်းအမြစ် များဖြစ်အောင် ပြုစုပျိုးထောင်ရမှာလဲ အခြေခံပညာဟာ အလွန်အရေးပါတဲ့ အခန်းကဏ္ဍမှာရှိနေပါ‌ကြောင်း၊ မြင့်မားတဲ့အဆောက်အဦ တည်ဆောက်တဲ့အခါ အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရသလိုပဲ အခြေခံပညာကိုလည်း အရည်အသွေးပြည့်ပြည့်ဝဝနဲ့ ကျေညက်စွာ သင်ယူနိုင်ခွင့်ရှိဖို့လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနည်းဆုံး အလယ်တန်းပညာရေး (KG+9) ကို တက်မြောက်ပြီး ဆက်လက်ပညာသင်ကြားနိုင်ရေးအတွက် အဆင့်ဆင့်တိုးမြှင့်သင်ယူခွင့်များ ရရှိရန် ဆောင်ရွက်ရမည်ဖြစ်ရာ မူလတန်းနှင့် အလယ်တန်း အရွယ်ကလေးတိုင်း ကျောင်းတွင်း မူလတန်း၊ အလယ်တန်းပညာရေးကို ပြီးဆုံးအောင်မြင်အောင် ဆောင်ရွက်ရန်နှင့် ပညာသင်ယူရန် အခက်အခဲရှိနေ သော ကာယ၊ ဉာဏစွမ်းရည်အားနည်းသော ကလေးများ ကျောင်းအပ်နှံရန် ၂၀၂၆ ခုနှစ် မေလ ၂၅ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားပါကြောင်း၊ ကျောင်းအပ်နှံရေးရက်သတ္တပတ်မှာ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းရောက်လာဖို့ ဆောင်ရွက်ခြင်းဟာ ကလေးများရဲ့ အနာဂတ်သာယာလှပအောင် ဖြည့်ဆည်းဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊ မည်သည့်ခွဲခြားမှုမှမရှိပဲ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေနိုင်ရေး၊ မည်သူ တစ်ဦးတစ်ယောက်မျှ မကျန်စေရေး၊ ကျောင်းထွက်သူမရှိစေရေး သင်ယူမှုမဆုံးရှုံးစေဖို့ မူဝါဒချမှတ် ဆောင်ရွက်နေပါကြောင်း၊ ကလေးများရဲ့ဘဝတစ်လျှောက်လုံး ပညာသင်ယူလိုစိတ် ဖြစ်ထွန်း လာစေရေး ကို အလေးထားဆောင်ရွက်ပေးကြပါရန်ပြောကြားခဲ့သည်။

ဆက်လက်၍ အ.ထ.က(နတ်စင်ကုန်း)ကျောင်းမှ လူရည်ချွန် Grade-12 ကျောင်းသူ မအေးအေးအောင်အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်းနှင့် တာဝန်ရှိသူများ ကဆုချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်၊ ကျောင်းဝတ်စုံ၊ ပုံနှိပ်စာအုပ်များကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်တာဝန်ရှိသူများက ကျောင်းသား/ကျောင်းသူများထံ ပေးအပ်ခဲ့ကြပြီး အ.ထ.က(ကော့မှူး)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန် သီချင်း သီဆို၍ အခမ်းအနားကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ မြို့နယ်စီမံ ခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ ဌာနဆိုင်ရာများ ကျောင်းအုပ် ဆရာကြီး၊ ဆရာမကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)