တာမွေမြို့နယ်၌ မူးယစ်ဆေးဖြတ်သင်တန်းသားများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောပွဲ ကျင်းပ

တာမွေ မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်းရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုရုံး မေတ္တာစံအိမ်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ရက်(၁၀၀)စီမံချက်ဖြင့် မူးယစ်ဆေးဖြတ်သင်တန်းသားများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးဟောပြောခဲ့သည်။

အခမ်းအနားတွင် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ ဥက္ကဋ္ဌ ဦးစံရှိန်က ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဝင်းက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ သဘာဝဘေးအန္တရာယ်အပါအဝင် အခြားအမျိုးမျိုးသော ဘေးအန္တရာယ်များ ကျရောက်လာပါက ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာလုပ်ငန်းများ  ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေမြန်းခဲ့ကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။

အခမ်းအနားသို့ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုမှ တာဝန်ရှိသူများနှင့် မူးယစ်ဆေးဖြတ်သင်တန်းသားများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်းနှင့် မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးအသင်း(မြန်မာ)ဗဟိုအနေဖြင့် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လုပ်ငန်းစီမံချက်များနှင့်အညီ မိဘအုပ်ထိန်းသူများ၏ အပ်နှံမှုဖြင့် အသင်းရုံးရှိ မေတ္တာစံအိမ်တွင် မူးယစ်ဆေးဖြတ်ပြီး ပြန်လည်ထူထောင်မှုခံယူနေသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ မူးယစ်ဆေးဖြတ် သင်တန်းသားများအား စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာများ ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတများ တိုးပွားစေရန်တို့အတွက် ရည်ရွယ်၍ အသိပညာရှင်များ၊ အတတ်ပညာရှင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

နိုင်လင်း‌အောင်(တာမွေ)