မင်္ဂလာတောင်ညွန့် မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မေ (၂၆)ရက်နေ့ နေ့လယ် (၁၃)နာရီက လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံရှင်းလင်း ဆွေးနွေးပွဲအခမ်းအနား ကျင်းပခဲ့ရာ ဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလင်းလင်းထွဏ်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းလှိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးဝေယံပိုင်တို့က အသီးသီးမိတ်ဆက်စကားများ ပြောကြားခဲ့ကြပါသည်။
ထိုနောက် မြို့နယ်အဆင့် ဌာနဆိုင်ရာများက ၂၀၂၆-၂၀၂၇ ဘဏ္ဍရေးနှစ်အတွင်း ဆောင်ရွက်မည့် အစီအမံများနှင့်ပက်သတ်၍ ရှင်းလင်းတင်ပြဆွေးနွေးကြပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးများကလည်း ပြည်သူအကျိုးအတွက် လိုအပ်သောလုပ်ငန်းများကို တင်ပြဆွေးနွေးခဲ့ကြပါသည်။
အဆိုပါဆွေးနွေးတင်ပြချက်များအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆောင်ရွက်ပေးနိုင်မည့် အစီအမံများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြပါသည်။
အစည်းအဝေးပြီးနောက် ကန်/ရှေ့ရပ်ကွက်၊ ကန်/မြောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ တင်ပြသော မန္တလေးလမ်း မြောင်းကြီးရေဝင်ပေါက်ဖြစ်နေသော နေရာသို့လည်းကောင်း၊ ဒေါ်သိန်းတင်လမ်း သိမ်ဖြူလမ်းထောင့် ရေမြောင်းရေလျှံသည့် နေရာသို့လည်းကောင်း၊ အ-မ-က(၂) ကျောင်းလျှောက်လမ်း ရေယိုနေသည့်နေရာသို့လည်းကောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း သိရှိရပါသည်။
မြတ်မြတ်အေး(ပြန်/ဆက်)