ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂ဝ၂၇ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

ဒဂုံတောင် မေ 

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အမှတ်(အခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ယမန်နေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများလေးက "မီးမီးလေးရဲ့မေမေ" တေးသီချင်းဖြင့် စတင်သီဆိုသရုပ်‌ဖော်ဖွင့်လှစ်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေးက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က ယခုနှစ်ကျောင်းအပ်နှံ‌ရေးနေ့ရက်သတ္တပတ်အဖြစ် မေ ၂၅ မှ မေ ၃၁ ထိဖြစ်ပြီး ကျောင်းနေအရွယ်က‌လေးငယ်များ ရာနှုန်းပြည့် ကျောင်းအပ်နှံရေးအတွက် ရပ်ကွက်များအလိုက် နှိုးဆော်ဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံတော်၏ ရည်မှန်းချက်အောင်မြင်ရေးအတွက် လှေတစ်စီးဖြင့် ဥပမာပြပါက မိမိတို့သည် လှော်တက်သဖွယ် လိုရာခရီးကိုရောက်အောင် အားသွန်ခွန်စိုက်လှော်ခတ်ဆောင်ရွက်နေပါကြောင်း စသဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆွေးနွေးပြေကြားသည်။

မြို့နယ်ပညာရေးမှူး ဒေါ်ဆွေဆွေငြိမ်းက ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ပြောကြားပြီး ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက အဆို၊ အက၊ အတီး၊ သရုပ်ဖော်များဖြင့် ‌ဖျော်ဖြေကြရာ တာဝန်ရှိသူအသီးသီးက  ဆုငွေများချီးမြှင့်ပေးအပ်ကြသည်။

ထို့နောက် နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသည့် အထက်တန်း၊ အလယ်တန်းနှင့် မူလတန်း ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများအား လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကျောင်းသား၊ ကျောင်းသူများကို ပေးအပ်ကြကြောင်းနှင့် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း (၄)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂၃)ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေး (ဘက)ကျောင်း (၁၄) ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

နေမျိုးအောင်