ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး၊ MSME ဈေးရောင်းပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် အင်ဂျန်ဒုံ ယာယီတိမ်းရှောင်စခန်းရှိ အိမ်ထောင်စုများအား တွေ့ဆုံ

မြစ်ကြီးနား မေ ၂၈

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စုအတွင်းရှိ ပုဂ္ဂလိပိုင် ကြက်မွေးမြူရေးခြံများသို့ သွားရောက်ပြီး မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး ယနေ့နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးရှိ မြေဧရိယာအတွင်း ကြက်ခြံများတည်ဆောက်ရေး အသားတိုးကြက် မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အသားတိုးကြက်ခြံ၌ ကြက်များမွေးမြူထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသတွင်းဖြန့်ဖြူးရောင်းချနိုင်မှုနှင့် ကြက်စာနှင့် ကြက်သားပေါက်များ မှာယူရရှိမှုအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ အဆိုပါမြေဧရိယာအတွင်း ကြက်မွေးမြူရေးလုပ်ငန်းအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်များအား စည်းရုံးဖိတ်ခေါ်၍ လုပ်ထုံးလုပ်နည်းနှင့်အညီ နွားနှင့် အခြားမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်စေခြင်းဖြင့် မွေးမြူရေးဇုံကဲ့သို့ နေရာတစ်ခုဖြစ်လာစေရန် ကြိုးစားကြရမည်ဖြစ်ကြောင်း မှာကြားခဲ့ကာ လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှီသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါကျေးရွာအုပ်စုနှင့် နောင်နန်းကျေးရွာကြားရှိ လီဆူအရှေ့ကွင်းအတွင်း ကျေးရွာအုပ်စုတာဝန်ရှိသူများ၊ တောင်သူများနှင့်အတူ မိုးစပါးစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများနှင့် အဆိုပါလီဆူအရှေ့ကွင်းနှင့် အနောက်ကွင်းအတွင်းရှိ မိုးစပါးစိုက်လယ်ဧရိယာ (၉၀၀)ကျော်အတွင်း ယခုနှစ် မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံ ဆီမုန်ညှင်း ဧက(၁၅၀) စတင်စိုက်ပျိုးနိုင်ရေး၊ အောင်ရေရရှိရေးနှင့် ကုန်ထုတ်လမ်းဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ MSME စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ မြစ်ကြီးနားမြို့၌ မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပနိုင်ရေးအတွက် အကြိုလုပ်ငန်းညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတွင်း MSME လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရေး MSME လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ယခုလိုပြပွဲ၊ ပြိုင်ပွဲများပြုလုပ်၍ အားပေးမြှင့်တင်ခြင်းအားဖြင့် ပြည်နယ်၏ ထုတ်ကုန်ထုတ်လုပ်မှု ကုန်ထုတ်စွမ်းအား တိုးတက်လာစေပြီး ဒေသထွက် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်များအား တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ်  ထုတ်လုပ်ရောင်းချလာနိုင်ကာ ထုတ်ကုန်အမယ်သစ်များ တိုးတက်ထုတ်လုပ်လာနိုင်သည်နှင့်အမျှ သွင်းကုန်အစားထိုး သုံးစွဲနိုင်စေရေးနှင့် ဈေးကွက်မြှင့်တင်ပြီး ပြည်တွင်းဈေးကွက်ချိတ်ဆက်မှုအပြင် ပြည်ပဈေးကွက်သို့ ချဲ့ထွင်နိုင်လာမည်ဖြစ်ပါကြောင်း၊ ထို့အပြင် MSME လုပ်ငန်းရှင်များအနေဖြင့်လည်း ယခုပြပွဲတွင် အတွေ့အကြုံကောင်းများအပေါ် အခြေခံ၍ ပိုမိုကောင်းမွန်ပြီး တီထွင်ဆန်းသစ်သည့်ထုတ်ကုန်များ ထုတ်လုပ်ပြသနိုင်ရေး လိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်စက်မှုကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များက ပြပွဲကျင်းပသွားမည့် အစီအစဉ်များ၊ မနောကွင်းအတွင်းကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ ထုတ်ကုန်အမယ်သစ်များ တိုးမြှင့်ပြသရောင်းချနိုင်‌ရေး ဖိတ်ခေါ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် မွန်းလွဲပိုင်းတွင်း မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေကြီးမြင့်မှုမှ ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် တာရိုးဖို့ခြင်းလုပ်ငန်း (၁၃၇၈၀)ပေ အပိုင်းအတွင်း မိုးမကျမီ လယ်ကုန်း-ဇီးလွန်ရေပေါက်အား ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယာယီပိတ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် (၁၃၀၀)စင်တီမီတာထိ ကာကွယ်နိုင်ရေး ကမ်းတာရိုးဖို့ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါရေပေါက်နေရာသည် မြစ်ရေ(၉၀၀)စင်တီမီတာအမြင့်တွင် ရေဝင်ရောက်လေ့ရှိသဖြင့် ကြိုတင်ကာကွယ်ဆောင်ရွက်ခြင်းလုပ်ငန်းအား မိုးမကျမီ အပြီးသတ်ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ တပ်ကုန်း(အင်ဂျန်ဒုံ) ရပ်ကွက်အတွင်း အင်းတော်ကြီးဒေသ နန့်မွန်းမြို့မှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော အိမ်ထောင်စုများ နေထိုင်လျက်ရှိသည့် အင်ဂျန်ဒုံစခန်းသို့ သွားရောက်ပြီး အိမ်ထောင်စုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစုနေထိုင်စား‌သောက်မှု အဆင်ပြေစေရေး၊ ရေနှင့်လျှပ်စစ်မီးရရှိရေးအတွက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အိမ်ထောင်စုများအတွက် နေအိမ်တန်းလျား တိုးချဲ့တည်ဆောက်နိုင်ရေး ငွေကျပ်သိန်း (၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)