မြောက်ဥက္ကလာပ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေး၀န်ကြီးဌာနမှ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဦးဆောင်သော အထူးကုဆရာ၀န်ကြီးများပါ၀င်သော အထူးကုဆေးအဖွဲ့များသည် မြောက်ဥက္ကလာပမြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာနနှင့်အတူ ပြည်သူများအား ယမန်နေ့နံနက်ပိုင်းက(ဌ)ရပ်ကွက်၊ သစ္စာပန်းလမ်း၊ နိဗ္ဗာန်အောင်ဓမ္မရုံ၌ ကွင်းဆင်းကာ ဆေးကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ကျန်းမာရေးစောင့်ရှောက်မှုများပေးရာတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ပေးမှု ရက်(၁၀၀)စီမံချက်အရ မြောက်ဥက္ကလာပ အထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ပါမောက္ခဒေါက်တာကျော်သူရ ဦးဆောင်သော အထူးကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်များက(ဌ)ရပ်ကွက်နှင့် အနီးတစ်ဝိုက်ရှိ မိဘပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာတွင် အထွေထွေရောဂါလူနာ (၂၈၃)ဦး၊ ဆီးချိုနှင့်ဟော်မုန်းဆိုင်ရာလူနာ (၈၀)ဦး၊ အရေပြားဆိုင်ရာလူနာ (၃၄)ဦး၊ မျက်စိရောဂါလူနာ (၁၇၃)ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ (၄၃)ဦး စုစုပေါင်းလူနာ (၆၁၃)ဦးကို စစ်ဆေးကုသပေးခဲ့ပြီး သွေးအမျိုးအစားခွဲခြားမှု (၈၂)ဦး၊ ဆီးချိုသွေးချိုဖောက်စစ်ဆေးမှု (၁၇၅)ဦး၊ နှလုံး ECG ဆွဲသူ (၄၂)ဦး၊ ဆေးရုံကြီးသို့ညွှန်းပို့လူနာ သွား(၄)ဦး၊ အထွေထွေ (၃)ဦး၊ မျက်စိ (၄၂)ဦး၊ (အတွင်းတိမ်ခွဲစိတ်ရန်) စုစုပေါင်းညွှန်းပို့လူနာ (၄၉)ဦး တွေ့ရှိလုပ်ဆောင်ပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ အခမဲ့ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆေးကုသမှုလာရောက်ခံယူကြသည့် ပြည်သူများအား ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်၀င်း၀င်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များနှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံ နူတ်ဆက်အားပေးစကားပြောကြားကာ အထူးကုဆရာ၀န်ကြီးများက ရောဂါများအလိုက် ဆေးကုသပေးနေမှုကို လိုက်လံကြည့်ရှုကြပြီး လိုအပ်သည်များကို ဖြည့်စည်းဆောက်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)