သထုံမြို့နယ်၌ မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအတွက် RS မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲပြုလုပ်

သထုံ မေ ၂၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မိုးစပါးရာသီ မျိုးစေ့ထုတ်စိုက်ခင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအတွက် RS မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့နံနက်က နန်းခဲရပ်ကွက်ရှိ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။

ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးစိုး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်မြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံနှင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်လေးမိုးသူတို့က မိတ်ဆက်အမှာစကားများ ပြောကြားကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစောခင်ကျော်မြင့်က RS မျိုးစပါးများ ထောက်ပံ့ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က သထုံမြို့နယ်အတွင်း မိုးစပါးရာသီမျိုးစေ့ထုတ် စိုက်ခင်းစိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများ၏ စံပြစိုက်ဧက (၅၀) အတွက် ပေါ်ဆန်းယဉ်နှင့် မနောသုခ RS မျိုးသန့်မျိုးစပါး တစ်ဧကလျှင် တစ်တင်းနှုန်းဖြင့် တင်းပေါင်း ၅၀ နှင့် သီဟိုဠ်မျိုးစေ့တို့အား ပေးအပ်ရာ မျိုးစေ့ထုတ်တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ခရိုင်စိုက်ပျိုး‌ရေး ဦးစီးဌာနမှူး ဦးမောင်မောင်မြင့်က မိုးစပါးအထွက်တိုးရေး လိုအပ်သည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)