မူဆယ် မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဌာနဆိုင်ရာများစုပေါင်း၍ အသိပညာပေး ဟောပြောပွဲကို အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အိမ်တွင်းမှုကျောင်းအုပ်မှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။ ဆက်လက်၍ အမှတ်(၁၂၅)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး (မူဆယ်)မှ တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ကျော်ဇင်လတ်က ယာဉ်စည်းကမ်း/ လမ်းစည်းကမ်းအကြောင်း၊ ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှူး ဒုတိယရဲမှူး အောင်မျိုးထွဋ်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်း၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့် လမ်းအမှတ်အသားများ၊ သတ်မှတ်မိုင်နှုန်းများ၊ ခါးပတ်နှင့် ဦးထုပ်တပ်ဆင်အသုံးပြုပုံများ အကြောင်း၊ တိုင်းရင်းဆေးမှူး ဦးဇော်ဝင်းနိုင်က တိုင်းရင်းဆေးပညာများအကြောင်းနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မူဆယ်မြို့နယ်တာဝန်ခံ ဦးသောင်းလင်းက ဆိုက်ဘာလုံခြုံရေးအကြောင်းနှင့် အင်တာနက်အသုံးပြုမှု အကြောင်းများကို ရှင်းလင်းဟောပြောဆွေးနွေး ခဲ့ကြသည်။
ဟောပြောပွဲအပြီးတွင် တက်ရောက်လာသော ဧည့်သည်တော်များနှင့် သင်တန်းသူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
ခရိုင်(ပြန်/ဆက်)