အလုံ ဇန်နဝါရီ ၁၉
ရပ်ကွက်(သို့) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ပြီး မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က ရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးဆိုင်ရာ နည်းဥပဒေ များကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့်အညီ ရပ်ကွက် (သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ ရွေးချယ်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေး ဆိုင်ရာ နည်းဥပဒေများကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်ထားဆောင်ရွက်နိုင်ရေး အတွက် မြို့နယ်ကြီးကြပ်ရေးအဖွဲ့ အား ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေးမှူးသစ် ခန့်အပ်နိုင်ရေးအတွက် လက်ရှိဆောင်ရွက်နေမှု အခြေအနေများ၊ မြို့နယ် ကြီးကြပ်ရေးအဖွဲ့မှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။
ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်ချုပ်ရေးမှူးသစ် ရွေးချယ်ခန့်အပ်နိုင်ရေး လုပ်ငန်းစဉ်များကို မတ်လအကုန်တွင် အပြီးဆောင်ရွက် ရမည်ဖြစ်ပြီး အလုံမြို့နယ်တွင် ရပ်ကွက်(သို့မဟုတ်)ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေ၊ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများသိရှိစေရန် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များအတိုင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်တင်ချို