လွိုင်လင် မေ ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် တောင်သူ တွေ့ဆုံဆွေးနွေးပွဲနှင့် မျိုးစေ့/ ပျိုးပင်/ လယ်ယာသုံး စက်ကိရိယာများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားအား မေလ ၂၇ ရက်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကြည်မြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များမှ တက်ရောက်လာသော တောင်သူများအား နှုတ်ခွန်းဆက်စကားပြောကြားခဲ့ကာ စိုက်ပျိုးရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းမှ မျိုးစေ့/ မျိုးပင်နှင့် လယ်ယာသုံးစက်ကိရိယာများ ထောက်ပံ့ပေးအပ်ခြင်းအကြောင်း ရှင်းလင်း ပြောကြားပေးခဲ့သည်။
ယင်းနောက် တောင်သူများအား တာဝန်ရှိသူများမှ နှစ်ရှည်သီးနှံ ပျိုးပင်၊ နှစ်ချင်းသီးနှံမျိုးစေ့များ၊ လယ်ယာသုံး စက်ကိရိယာများအား ထောက်ပံ့ပေးအပ်ခဲ့ကာ တောင်သူများမှ မိမိတို့ လိုအပ်ချက်များအား ဆွေးနွေးတင်ပြခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းသူတို့မှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
အယ်မင်း(လွိုင်လင်)