မြောက်ဥက္ကလာပ မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှကြီးကြပ်၍ သက်ဆိုင်ရာဌာနတာ၀န်ရှိသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်တာ၀န်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက် သန္တာလမ်းရှိ အမှတ် (၅) အခြေခံ ပညာအထက်တန်းကျောင်းထဲ အ၀င်လမ်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဦးဆောင်မှုဖြင့် စေတနာရှင်အလှူရှင်များစုပေါင်း၍ ငွေကျပ် သိန်း ၇၀ ခန့်ဖြင့် ခင်းကျင်းလျက် ရှိသော အလျား ၁၈၀ ပေ၊ အနံ ၈ ပေ၊ ထု ၁၂ လက်မ အ၀င်လမ်းခင်းနေမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့်တာ၀န်ရှိသူသည် မြောက်ဥက္ကလာပမြို့နယ်၊ (င)ရပ်ကွက် သန္တာလမ်းမကြီး ဘေးဓာတ်မီးတိုင်များပေါ်ရှိ ရှုပ်ထွေးနေသော အင်တာနက်ကြိုးများအား သက်ဆိုင်ရာတာ၀န်ရှိသူများက စနစ်တကျ သွယ်တန်းစေခြင်းနှင့်မလိုအပ်သည့်ကြိုးများအား ရှင်းလင်းခြင်း ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)