ကျိုင်းတုံ မေ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၂၇ ရက်နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးတင်လင်း၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပြည်နယ်အဆင့် ကျောင်းအပ်နှံရေးအခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ် စိုးမြတ်ထွဋ်က အမှာစကားပြောကြားပြီး တိုင်းမှူးနှင့်တာဝန်ရှိသူများက အခမဲ့ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များ၊ ဘောပင်/ခဲတံများ၊ ကျောင်းဝတ်စုံများ၊ Football For Program အစီအစဉ်ဖြင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) မှလှူဒါန်းသည့်ဘောလုံးများကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ အခြေခံပညာ ကျောင်းများအတွက် အသီးသီးပေးအပ်ကြသည်။
ယင်းနောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ပြည်နယ်ပညာရေးမှူး ဒေါ်နော်ရုသ်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်တို့လှမ်းချီသီချင်းဖြင့် သီဆိုဖျော်ဖြေကြသည်။
ထို့နောက် အ.ထ.က (၂) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် အတူ လာရောက်ကျောင်းအပ်နှံနေမှုတို့အား တိုင်းမှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)