ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေ တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

တောင်ကြီး မေ ၂၈

ရှမ်းပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေသည် ပြည်နယ်အင်းသားလူမျိူးတိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်တင်တင်ရီ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန တောင်ကြီးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မန်တလင်းကျေးရွာနှင့် ပင်စုံကျေးရွာအတွင်း ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ပင်စုံကျေးရွာ၊ သုခိတခန်းမ၌ တောင်ကြီးမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများ ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးလက်စီးပွားမြင့်မားရေး ရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ‌ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် နန္ဒီကန် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ သာစည်ကန် ကန်ဘောင်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နန်းပန်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ညောင်ရွှေမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက အမှာစကားပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ကျေးလက်စီးပွား မြင့်မားရေးရန်ပုံငွေ ထူထောင်ခြင်းလုပ်ငန်းစီမံကိန်း၊ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာများသို့ ရန်ပုံငွေအား လွှဲပြောင်းပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဟော်တယ်ဇုန်လှေဆိပ် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအားလည်းကောင်း၊ အကြီးစားပြင်ဆင်ရန် လိုအပ်လျက်ရှိသည့် BCD250 ယာဉ်ယန္တရားအားလည်းကောင်း၊ ညောင်ရွှေမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနပိုင် ယာဉ်ယန္တရားများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

မင်းသန့်(ပြန်/ဆက်)