ပေါင်မြို့နယ်၌ မျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) / ဆင်းသုခ (RS)မျိုးစေ့ ချီးမြှင့်ပေးအပ်ခြင်းအခမ်းအနား ပြုလုပ်

ပေါင် မေ ၂၈

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မျိုးစေ့ထုတ်ဧက(၁၀၀)စိုက်ပျိုးမည့် အကျိုးဆောင်တောင်သူများအား ပေါ်ဆန်းရင် (RS) မျိုးစေ့ ချီးမြှင့်ပေးခြင်းအခမ်းအနားကို မေ ၂၆ ရက် မွန်းလွဲ(၂)နာရီက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးချမ်းမုံ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းနှင့် ဦးစန်းထွန်းဝင်း၊  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးလှိုင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်းက ပေါင်မြို့နယ်တွင် စားနပ်ရိက္ခာဖူလုံရေးအနေဖြင့် (၂၀၂၅-၂၀၂၆) ခုနှစ်တွင် ဆန်ဖူလုံမှု (၂၁၅.၉၅%)၊ ဆီဖူလုံမှု (၁၀.၁၃%)နှင့် ပဲဖူလုံမှုအနေဖြင့် (၇၃.၀၂%)ရှိပါကြောင်း၊ မြို့နယ်အတွင်း သီးနှံများအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး စိုက်ဧကများ တိုးချဲ့စိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်နိုင်ရေး၊ နည်းပညာပေးလုပ်ငန်းများ၊ မျိုးကောင်းမျိုးသန့်သုံးစွဲရေးသွင်းအားစုများ ထောက်ပံ့ပေးသွားမည်ဖြစ်ပါကြောင်း အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးမျိုးမင်းထွန်းက အကျိုးဆောင်တောင်သူများအား မျိုးစေ့ချီးမြှင့်ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက တောင်သူများအား မျိုးစပါးများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ထို့နောက် တက်ရောက်လာသော တောင်သူ ဦးဝင်းဇော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)