ကျောက်ပန်းတောင်း မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ အိမ်တွင်းမှုလုပ်ငန်းများနှင့် ဟော်တယ်၊ မိုးတယ်နှင့် တည်းခိုခန်းများ မီးလန့်မှု မီးလောင်မှု မဖြစ်ပွားစေရေး စစ်ဆေး၊ အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ (၃)နာရီက သီရိမင်္ဂလာရပ်ကွက်ရှိ Triple Lion Hotel အား သွားရောက်စစ်ဆေး၍ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား အသိပညာပေးခြင်း၊ မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။
မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် Triple Lion Hotel ခန်းမဆောင်တွင် တာဝန်ရှိသူများနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ မီးဘေးလုံခြုံရေး ဆောင်ရွက်ထားရှိရမည့် အချက်များ၊ မီးလောင်မှု ဖြစ်ပွားနိုင်သည့် အကြောင်းအရင်းများနှင့် ဖြစ်ပွားလာပါက အရေးပေါ်မီးငြှိမ်းသတ်နိုင်မည့် နည်းလမ်းများ၊ မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းနှင့် မီးငြှိမ်းသတ်နည်းများကို အသိပညာပေး ဟောပြောသည်။ ယင်းနောက် ဟော်တယ်ဧည့်ကြိုဌာန၊ မီးဖိုဆောင်၊ စားသောက်ဆောင်နှင့် တည်းခိုဆောင်များ၊ အရေးပေါ် မီးသတ်ရေကန်နှင့် မီးသတ်ပိုက်၊ မီးသတ်ဆေးဘူး ထားရှိအသုံးပြုနိုင်မှု အခြေအနေများကို လှည့်လည်စစ်ဆေးကြပြီး၊ ဟော်တယ်ဝန်းကွင်းပြင်တွင် ဟော်တယ်တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား ဆီမီးလောင်မှု ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို လက်တွေ့လုပ်ဆောင်ပြသ၍ ဟော်တယ်ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဇာတ်တိုက် လေ့ကျင့်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)