ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဆွေးနွေးပွဲဆောင်ရွက်

ဒဂုံဆိပ်ကမ်း မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် Smart City အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူထုအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက အမှတ်(၆၉)ရပ်ကွက်၊ ပုညာနန္ဒဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလူထုအသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ရွှေပြည်စိုးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ခြင်းသည် လူသားတို့၏ကျန်းမာရေး၊ စီးပွားရေးနှင့် ရာသီဥတုဖောက်ပြန်မှုများကို ဟန့်တားပေးရာတွင် အဓိကကျသော အခန်းကဏ္ဍတစ်ခု ဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်တစ်ခုဖန်တီးရာတွင် ရေစီးရေလာကောင်းမွန် ရေး၊ အမှိုက်ကင်းစင်ရေးနှင့် ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများအားလုံး ပူးပေါင်းပါဝင်၍ စမတ်ရပ်ကွက်ဖြစ်အောင် ဖော်ဆောင်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပညာရေးမှူး ဦးဇော်မျိုးထွဋ်က ကျောင်းအပ်နှံရေးသီတင်းပတ်အတွင်း ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ကျောင်းသို့ရောက်ရှိရေး မိဘ၊ ဆရာ၊ ရပ်ကွက်သူ/သားများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်နှင့် အထူးဒေသမှ အကြောင်း အမျိုးမျိုးကြောင့် ကျောင်းပြင်ပကင်းကွာကျောင်းသား/သူများအတွက် ပညာရေးဝန်ကြီးဌာနမှ စီစဉ် ဆောင်ရွက်ထားရှိမှုများအား ပြည်သူများသိရှိနိုင်ရေးအသိပညာပေးဆွေးနွေးခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာဝင်းမင်းဖြိုးက ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးသေဆုံးမှုမရှိစေရေး ကျန်းမာရေးစောင့်ရှောက်မှုပေးနေမှုများ၊ ၁၅ နှစ်အောက်ကလေးများအား ကာကွယ်ဆေး အကြိမ်ရေ ပြည့်မီစွာထိုးနှံ့နိုင်ရေးနှင့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေမှု များအား အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် အမှတ်(၆၉)ရပ်ကွက်မှ ပြည်သူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ရွှေပြည်စိုးက သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ ဆွေးနွေးပွဲအပြီးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ရွှေပြည်စိုး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှတ် (၆၉) ရပ်ကွက် မင်းရဲကောင်းပုံလမ်းနှင့် မင်းနန်းစည်သူလမ်းထောင့်ရှိ ရေမြောင်းအတွင်း ပိတ်စို့နေသော အမှိုက်များအား ဆယ်ယူခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ဖြိုးစန္ဒာ(ဆိပ်ကမ်း)