ကော့မှူး မေ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်တွင် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့နံနက် (၉)နာရီအချိန်က ဝါးဘလောက်သောက်ကျေးရွာ မှုလရွာလယ်ဘုန်းတော်ကြီးကျောင်းတိုက်၌ ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ထိုသို့ ဆေးကုသပေးရာတွင် ဒလတပ်နယ် နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ဗိုလ်မှူး/ဗိုလ်ကြီးဟန်လင်းထွန်း ဦးဆောင်သော အရိုးအကြော၊ မျက်စိ၊ နားနှာခေါင်း၊ လည်ချောင်း၊ သားဖွားမီးယပ်၊ သွားနှင့်ခံတွင်း စသည့်ရောဂါများနှင့်ပတ်သက်သော ဆေးတပ်ဖွဲ့ဝင်များက ဝါးဘလောက်သောက်ကျေးရွာနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ကျေးရွာနေ ရဟန်း၊ သံဃာနှင့် ကျေးရွာနေပြည်သူစုစုပေါင်း (၁၄၆)ဦးတို့အား သက်ဆိုင်ရာရောဂါများအလိုက် စမ်းသပ်၍ ကုသပေးခြင်းအပြင် ဆေးဝါးများလည်း အခမဲ့ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ အခမဲ့ဆေးဝါးကုသပေးနေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချိုမျိုးထိုက်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေး၍ လိုအပ်သည်များအား ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)