မိုင်းရယ် မေ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများအား စက်သုံးဆီများ လက်ဝယ်အရောက် ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က စိုက်ပျိုးရေးနည်းပညာများ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး၊ မြေစာရင်းဦးစီးမှူးတို့က နွေစပါးစိုက်တောင်သူများအား စက်သုံးဆီ (၁)ဂါလံလျှင် ကျပ် (၁၀၀၀၀)နှုန်းဖြင့် ထုတ်ယူရန် စလစ်နှင့် ဆေးဖြန်းဝတ်စုံများကို ပေးအပ်ခဲ့ကြသည်။
ထိုသို့ပေးအပ်ရာတွင် ၂၀၂၅-၂၀၂၆ နွေစပါးစိုက်ရာသီအတွင်း မြို့မရပ်ကွက် (၁)(၂)(၃)၊ နားဖျိုင်းကျေးရွာအုပ်စုနှင့် နားခိုကျေးရွာအုပ်စုတို့မှ နွေစပါးစိုက်တောင်သူ (၃၀)ဦး၊ စိုက်ပျိုးဧက (၄၄)ဧကအတွက် စက်သုံးဆီ (၄၄)ဂါလံကို ဖြန့်ဖြူး ရောင်းချခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးရေးဦးစီးဌာနရုံး မြေနေရာတွင် လုပ်သားရှားပါးမှုနှင့် ဈေးနှုန်းကြီးမှုကို ဖြေရှင်းနိုင်မည့် စက်သုံးဆီမလိုသည့် မျိုးစေ့ချကိရိယာ သုံးစွဲနည်းစနစ်များရှင်းလင်းခြင်း၊ ကော်ဖီသီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး ကော်ဖီပျိုးထောင်ထားရှိမှုနှင့် စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းပညာပေး ပြသခဲ့ကြောင်း သတင်းရရှိသည်။
မိုင်းရယ်(ပြန်/ဆက်)