မိုးညှင်း မေ ၂၇
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှတာဝန်ရှိသူများက ကောင်ရာကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးပြီး လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက် (၁၀)နာရီက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆိုင်းအောင်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများက ကျေးရွာကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေးရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ချေးငွေစာချုပ်ပါအတိုင်း အမှန်တကယ်လုပ်ငန်းဆောင်ရွက်နေမှုရှိ/မရှိနှင့် အသင်းဝင်များမှ အလေးထားဆောင်ရွက်ပေးစေလိုကြောင်းစသည်တို့ကို ရှင်းလင်းပြောကြားပြီးနောက် စာရင်းဇယားများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ချေးငွေများဖြင့်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများကို မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အဆိုပါ ကောင်ရာကျေးရွာ၌ စိုက်ပျိုးရေးလုပ်ကိုင်သူ(၇၉)ဦး၊ မွေးမြူရေးလုပ်ကိုင်သူ(၅၈)ဦးနှင့် အရောင်းအဝယ်လုပ်ကိုင်သူ(၁၄)ဦး စုစုပေါင်း အသင်းသားအသင်းသူ(၁၅၁)ဦးကို မြစိမ်းရောင် ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ်(၆၂၇)သိန်းအား ထုတ်ချေးပေးထားကြောင်း သိရသည်။
ရွှေမိုးညှင်း