နမ့်စန်(တ) မေ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများပါဝင်သောပူးပေါင်းအဖွဲ့က ယနေ့နံနက် ၁၀နာရီတွင် အမှတ်(၃)ရပ်ကွက်ရှိ မြို့မစည်ပင်သာယာဈေးအတွင်း ရက်(၁၀၀)စီမံချက်ဖြင့် မီးဘေးလုံခြုံရေးစစ်ဆေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမျိုးထွန်း၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးမျိုးမြင့်အောင်၊ ဒုတိယဦးစီးမှူးဦးကျော်ထွန်းသန်းနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်ခိုင်လင်းနှင့်တာဝန်ရှိသူများက အမှတ်(၃)ရပ်ကွက်အတွင်းရှိ မြို့မစည်ပင်ဈေးတွင် ဈေးမီးဘေးလုံခြုံရေးဝန်ထမ်းများ ဖွဲ့စည်းထားရှိမှုအခြေအနေ၊ မီးဘေးကြိုတင်ကာကွယ်ရေးစီမံချက်များ ဆောင်ရွက်ထားရှိမှု၊ လျှပ်စစ်သွယ်တန်းမှုနှင့်သုံးစွဲမှုအခြေအနေ၊ မီးငြိမ်းသတ်ရေးပစ္စည်းကိရိယာများ စနစ်တကျထားရှိသုံးစွဲမှု၊ ရေရရှိရေးနှင့်ရေသိုလှောင်ထားမှုအခြေအနေ၊ ပစ္စည်းများကာကွယ်ထိန်းသိမ်းခြင်းနှင့် ဈေးပတ်ဝန်းကျင်မီးဘေးအန္တရာယ် အခြေအနေများကိုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကိုမှာကြားခဲ့ကာ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးအောင်သူနှင့် မြို့မစည်ပင်သာယာဈေးကော်မတီဥက္ကဋ္ဌ ဦးသန်းဇော်ထွန်းတို့က မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံပြသရှင်းလင်းခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)