ကျောက်မဲမြို့နယ်၌ တရုတ်ရိုးရာသုံး စက္ကူစက်ရုံများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းစစ်ဆေး

ကျောက်မဲ မေ ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နမ့်ဟူးတောင်းကျေးရွာရှိ တရုတ်ရိုးရာသုံး စက္ကူထုတ်လုပ်သည့် စက္ကူစက်ရုံများသို့ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ အသိပညာပေး ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်မဲခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိန်မောင်ဌေးနှင့်အတူ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့မှ တာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ယနေ့နံနက် ၉ နာရီတွင် နမ့်ဟူးတောင်းကျေးရွာခန်းမ၌ ဒေသခံစက္ကူလုပ်ငန်းရှင် ၂၀ ဦးနှင့် တွေ့ဆုံကာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အမှိုက်များ စနစ်တကျ စွန့်ပစ်ရေးနှင့် သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုမှ ကြိုတင်ကာကွယ်နိုင်ရေးတို့အတွက် ဆွေးနွေးခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။

ထို့နောက် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် နမ့်ဟူးတောင်းကျေးရွာရှိ စက္ကူစက်ရုံ ၆ ရုံသို့ ကွင်းဆင်းစစ်ဆေးပြီး စွန့်ပစ်ရေဆိုးများ စနစ်တကျ သန့်စင်စွန့်ပစ်စေရေး၊ ဘွိုင်လာအိုးများ အသုံးပြုရာတွင် မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး၊ ထင်းပုံများ စနစ်တကျထားရှိရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ပျော့ဖတ်စိမ်ရာတွင် အနံ့အသက်ဆိုးများ မထွက်ရှိစေရေး၊ သစ်တောပြုန်းတီးမှုမရှိစေရေးနှင့် မြေနေရာလွတ်များ၌ သစ်ပင်များ အစားထိုးပြန်လည်စိုက်ပျိုးပေးနိုင်ရေးတို့ကို အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)