နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်

နောင်ချို  ဇန်နဝါရီ  ၁၉

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့အဝင် ခြေမြစ်ပင်ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးဂိတ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Tesk Kit ဖြင့် စစ်ဆေးခြင်းကို ကျန်းမာရေးဌာန၏ ဦးဆောင်မှု၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် နေ့စဉ်စစ်ဆေးပေးလျက်ရှိရာ ယမန်နေ့တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် (၁၂၄)ဦးအား စစ်ဆေးခဲ့ရာတွင် စစ်ဆေးသူများအားလုံးတွင် ရောဂါပိုးမတွေ့ရှိပါ။

နောင်ချိုမြို့နယ်သည် ရှမ်းပြည်နယ်၏ အဝင်တံခါးမြို့ဖြစ်ရာ ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့နည်း စေရေး အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသွင်ကိုကိုမင်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ နေ့/ည    အလှည့်ကျတာဝန်ယူကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအနေဖြင့် (၃)ရက်အတွင်း စစ်ဆေးထားသော ကိုဗစ်-၁၉ ရောဂါ ကင်းရှင်းကြောင်း ဆေးစစ်ချက် ပ/မပါ စစ်ဆေးခြင်း၊ ယာဉ်နှင့်ခရီးသည် စာရင်းများ မှတ်သားခြင်း၊ နောင်ချိုမြို့နယ်အတွင်း ကုန်ပို့မည့်ကားများအား မြို့တွင်းသို့ဝင်ရောက်ခွင့်မပြုဘဲ စစ်ဆေးရေး ဂိတ်၌သာ ကုန်ချိန်း၊ ကားချိန်း၍ သယ်ဆောင်စေခြင်းတို့ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Tesk Kit ဖြင့် စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိသော ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသပေးကာ ပိုးတွေ့သူနှင့်ထိစပ်မှုရှိသူများကို အထက(၁) Quarantine Centre တွင် ထားရှိကာ လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)