သီပေါမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်နိုင်ရေး လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေး

သီပေါ     ဇန်နဝါရီ     ၁၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေနည်းဥပဒေများနှင့်အညီ ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးယဉ်ထွေးက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး များ ရွေးချယ် ခန့်ထားခြင်းနှင့် ပတ်သက်၍ ဥပဒေ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မှုလုပ်ငန်းစဉ်များ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး၊ ကျေးရွာတာဝန်ခံ ရွေးချယ်ရေး လုပ်ငန်းစဉ်များအား  Power Point ဖြင့် အသေးစိတ် ရှင်းလင်းပြသခဲ့ပြီး ၎င်းလုပ်ငန်းစဉ်များအား ပြည်သူများသိရှိစေရန် အသိပညာပေးခြင်း လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း စနစ်တကျ ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။

ဆွေးနွေးပွဲသို့ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်(၁၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြ ကြောင်းနှင့်  မွန်းလွဲပိုင်းတွင် စာရေးဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆက်လက်ရှင်းလင်း ဆွေးနွေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)