သန်လျင်မြို့နယ်၌ တောင်သူနည်းပညာပေး ဆွေးနွေးပွဲ ကျင်းပ

သန်လျင် မေ ၂၇

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် Rice Export Zone ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် ဒေသခံတောင်သူ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် စစ်ပင်ကွင်းကျေးရွာ စိုက်ပျိုးပညာပေးစခန်း၌ ကျင်းပသည်။

ရှေးဦးစွာ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးတင့်တို့က အမှာစကားများ ပြောကြားပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးမျိုးမြင့်နှင့် သန်လျင်ခရိုင် စိုက်ပျိုးရေးဦးစီးမှူး ဒေါက်တာဝင်းသန်းတို့က စိုက်ပျိုးရေးနည်းပညာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားကြသည်။

ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် သန်လျင်ခရိုင် Rice Export Zone တာဝန်ခံ ဦးသန်းထိုက်က ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် တက်ရောက်လာကြသော ဒေသခံတောင်သူများ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြားပေးကြသည်။

ယနေ့အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနက တောင်သူပညာပေးပြခန်းနှင့် သဘာဝမြေဩဇာ ပြုလုပ်ပုံများကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တောင်သူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)0