မိုင်းယု မေ ၂၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ရက် ၁၀၀ စီမံချက်ဖြင့် မိုးစပါး၊ နေကြာမျိုးစေ့နှင့် ကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မြို့မရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးက "ရက် ၁၀၀ စီမံချက်" သည် ကျွန်တော်တို့ဒေသ၏ စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရန်၊ တောင်သူများ၏ မိသားစုဝင်ငွေ တိုးပွားစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်အတွက် အကောင်အထည်ဖော်လိုကြောင်းနှင့် ပတ်သတ်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့စိုက်ပျိုးရေးဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့က မိုးစပါးမျိုးစေ့များ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် အထွက်နှုန်းကောင်းမွန်သော မိုးစပါး မျိုးကောင်းမျိုးသန့်များကို ရရှိစေရန်၊ ဆီဖူလုံမှုကို အထောက်အကူပြုစေရန်နှင့် သီးထပ်သီးညှပ်အဖြစ် စိုက်ပျိုးပြီး တောင်သူများ အပိုဝင်ငွေရရှိစေရန် ရေရှည်ဝင်ငွေ ရရှိစေမည့် နှစ်ရှည်ပင် စိုက်ပျိုးစီးပွားကို မြှင့်တင်ရန်အတွက် မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်းစသည့် ထောက်ပံ့မှုနှင့် အကျိုးကျေးဇူးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် မြို့မရပ်ကွက်အုပ်စု၊ တာကြန့်အုပ်စု၊ ဒွန်းနွဲ့အုပ်စုနှင့် မိုင်းလွေကျေးရွာအုပ်စုတို့မှ တောင်သူများက သိရှိလိုသည့်များကို ပြန်လည်မေးမြန်းဆွေးနွေးကြပြီးနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့သည့် မိုးစပါးမျိုးစေ့၊ နေကြာမျိုးစေ့နှင့် ကော်ဖီပျိုးပင်တို့ကို တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်