လယ်ဝေးမြို့နယ် မဒေါ့ပင်ကျေးရွာတွင် စာသင်ကျောင်းဆောင်သစ် ပန္နက်တင်ခြင်း ဆောင်ရွက်

လယ်ဝေး  ဇန်နဝါရီ ၁၉

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လယ်ဝေးမြို့နယ် မဒေါ့ပင်ကျေးရွာ စာသင်ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ က အခြေခံပညာအလယ်တန်းကျောင်း-မဒေါ့ပင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ လယ်ဝေးမြို့နယ် ပညာရေးမှူး ဒေါ်သင်းသင်းယု၊ ဒုတိယပညာရေးမှူး ဦးဇော်လင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုင်းအောင်ကျော်သိန်းနှင့် တာဝန်ရှိသူများ၊ ဆရာ/မများက ကျောင်းဆောင်သစ်မြေနေရာအား ပန္နက်တင်ကြပြီး အောင်သပြေဖြင့် အမွှေးနံ့သာရည်များ ပက်ဖြန်းကြသည်။ အဆိုပါ ကျောင်းဆောင်သစ်ကို အလျား(၆၀)ပေ× အနံ(၃၀)ပေ Steel Structure (၁)ထပ်ကျောင်းဆောင်အဖြစ် GBH ကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်မည် ဖြစ်သည်။

လယ်ဝေးမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ ပညာရေးဝန်ကြီးဌာန၏ ငွေလုံး/ငွေရင်း ရန်ပုံငွေဖြင့် စာသင်ကျောင်းဆောင်သစ် (၂၅)ဆောင်၊  နေပြည်တော်ကောင်စီ၏ ငွေလုံး/ငွေရင်း ရန်ပုံငွေဖြင့် စာသင်ကျောင်းဆောင်သစ် (၃)ဆောင်၊ စုစုပေါင်း ကျောင်းဆောင်သစ် (၂၈)ဆောင်ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

နေဇော်ချစ်(ပြန်/ဆက်)