မန္တလေး မေ ၂၆
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်ဆင့်ကျောင်းအပ်နှံရေးအခမ်းအနားကို မေ ၂၆ရက် နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်း၊ ဧသီဒါခန်းမတွင် ကျင်းပသည်။
အခမ်းအနားတွင် အထက(၈) ကျောင်းသူများက “ကျောင်းအပ်စို့လေ” သီချင်းဖြင့် သီဆို ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးဒေါက်တာအောင်ဆွေက အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးသိန်းဒန်က ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ နိုင်ငံတော်က အခမဲ့ထောက်ပံ့သော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်နှင့်ကျောင်းဝတ်စုံများကို တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ကြကာ အထက(၈)ကျောင်းသူများက "မိုးဦးအလှ စိမ်းစိုမြ” သီချင်းဖြင့် အခမ်းအနား ပိတ်သိမ်းခဲ့ကြောင်းသိရသည်။
မြင့်မော်ထွန်း(အောင်_စံ၊ ပြန်/ဆက်)