ပြင်ဦးလွင်မြို့ ဘက်စုံသားဖွားသင်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပြင်ဦးလွင် မေ ၂၆

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင် နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်‌စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် ဘက်စုံသားဖွားသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပ‌သော  လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့ရှိ ဘက်စုံသားဖွားသင်တန်းကျောင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိက အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက  လူငယ်စကားဝိုင်းကျင်းပရခြင်း   ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား သည်။

ဆက်လက်၍  လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ရွှေမိုးသူဇာ၊ ပြင်ဦးလွင်မြို့ ခုတင် ၃၀၀ဆံ့ ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာသင်းသင်းအိနှင့် ဗမာစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌ စာရေးဆရာ ကိုရွှေအောင်သင်းတို့က Moderator အဖြစ် ဆောင်ရွက်ပြီး ဘက်စုံသားဖွားသင်တန်းကျောင်းမှ သင်တန်းသူများဖြစ်ကြသော မမိုမိုကို(ဒုတိယနှစ်)၊ မစန်းစန်းသွယ်(ဒုတိယနှစ်)၊ မစုစန္ဒီအောင်(ပထမနှစ်)နှင့် မစုမြတ်မိုး(ပထမနှစ်)တို့က ဦးဆောင်းအပ်နှင်းခြင်းဆိုင်ရာအကြောင်းအရာများနှင့် အပ်နှင်းရသည့်ရည်ရွယ်ချက်အား  ဦးဆောင်ဆွေးနွေးကြသည်။

ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်ကြူကြူက ဖြည့်စွက်ဆွေးနွေးပြီး  အခမ်းအနားသို့တက်ရောက်လာကြသည့် သင်တန်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ်အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးခဲ့သော သင်တန်းသူများက မေးမြန်းချက်များအပေါ်  ပြန်လည်ဖြေကြားသည်။

အဆိုပါလူငယ်စကားဝိုင်းသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ဧည့်သည်တော်များ၊ ဘက်စုံသားဖွားသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသူများ   စုစုပေါင်း ၁၅၀ တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင် ပြန်/ဆက် )