တံတားဦး မေ ၂၆
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း” စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ် ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံး၌ ဆောင်ရွက်ကြောင်း သိရသည်။
ဦးစွာ တံတားဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးခင်မော်ဇော်နှင့်အဖွဲ့ဝင်များ၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှူး ဦးမျိုးသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေးတ်ပြားနှင့်UIDကတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များ ဆောင်ရွက်ပြီးစီးမှုများအား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးအပ်သည်။
တံတားဦးမြို့နယ်အနေဖြင့် အစိုးရသစ်လက်ထက် ရက်(၁၀၀) “လမင်း”စီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် ဒေသခံပြည်သူ ၂၃၂ ဦး၊ အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူ ၆၁ ဦးနှင့် UID ကတ် ၁,၀၃၁ ကတ် တို့ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်များကို ဆက်လက်ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးဌာနမှူးရုံးမှ သိရသည်။
ရဲတင့်(ပြန်/ဆက်)