အမရပူရမြို့နယ် အထက(ကြည့်မြင်တိုင်)တွင် Rotary ပြန်လည်ထူထောင်ရေးမှ လှူဒါန်းသည့်  စာသင်ဆောင်သစ် လွှဲပြောင်းပေးအပ်

ချမ်းအေးသာစံ  မေ ၂၆

မန္တလေးတိုင်းဒေသကြီး အမရပူရခရိုင် အမရပူရမြို့နယ် ကြည့်မြင်တိုင်ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းတွင် မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စာသင်ဆောင်အား Rotary ၏ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်တည်ဆောက်ရေးနှင့်ထူထောင်ရေးစီမံကိန်းမှ အသစ်ပြန်လည်ဆောက်လုပ် လှူဒါန်းခဲ့ပြီး လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မေ ၂၆ ရက်နေ့နံနက်ပိုင်းက ကျင်းပသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးလှကြွယ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊  တိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI)ဥက္ကဋ္ဌ ဦးတင်လတ် နှင့် CECအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာများ၊ Rotary ၏ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေးစီမံကိန်းမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ဒေသခံမိဘပြည်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသ ကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စာသင်ဆောင်အသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေး သည်။

င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မန္တလေးငလျင်ကြီးဖြစ်ပွားပြီး နောက်ဆက်တွဲ ပြန်လည် ကုစားရာတွင် တည်ဆောက်ရေး လုပ်ငန်းများနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် Rotary ၏ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်တည်ဆောက်ရေးနှင့်ထူထောင်ရေး စီမံကိန်းမှ တစ်ဖက်တစ်လမ်းက ပံ့ပိုးကူညီလှူဒါန်းခဲ့မှုများနှင့် မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း(MRCCI) တို့ ပူးပေါင်းဆောင်ရွက်ခဲ့မှုအပေါ်ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ Rotary ၏ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေးစီမံကိန်း ၊ Rotary Club of Central Yangon တို့မှ တာဝန်ရှိသူများက ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် နေရာတွင် ပေ(၉၀)x ပေ(၃၀) အာစီရ်အမျိုးအစား တစ်ထပ်စာသင်ဆောင် အသစ် ပြန်လည်ဆောက်လုပ်လှူဒါန်းခြင်း၊ ကျောင်းအတွက်လိုအပ်သည့် ဆက်စပ်ဖြည့်တင်းခြင်းများနှင့်စပ်လျဉ်း၍ ရည်ရွယ်ချက်များနှင့် ကျေးဇူးတင်စကားများ ပြောကြားပြီးနောက် အဆောက်အဦများနှင့်ပတ်သက်သည့် စာရွက်စာတမ်းများကို ခရိုင်ပညာရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျောင်းသားကျောင်းသူများအား Rotary၏ သဘာဝဘေးအန္တရာယ်အပြီး ပြန်လည်တည်ဆောက်ရေးနှင့် ထူထောင်ရေး စီမံကိန်းမှလှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများ၊ မိုးကာများပါဝင်သည့် Gift Pack များပေးအပ်ခဲ့ကြောင်း၊ Rotary International District 3350 Governor မှ မတည်လှူဒါန်းမှုနှင့်  မြန်မာနိုင်ငံအတွင်းရှိ Rotary Club များ၏ စုပေါင်းထည့်ဝင်မှုတို့ဖြင့် ဆောက်လုပ်လှူဒါန်းသည့် စာသင်ဆောင်အသစ်နှင့်အတူကျောင်းအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည့် ထမင်းစားဆောင်၊ သန့်ရှင်းသောသောက်သုံးရေအတွက် ရေသန့်စက်၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးပေးစနစ်နှင့် သန့်စင်ခန်းများ စုစုပေါင်းတန်ဖိုးကျပ်သိန်း(၄၀၀၀)ကျော် ရှိကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)