နမ္မတူ ဇန်နဝါရီ ၁၉
Christian Aid ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်ပိုင်း က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နားမတ်၊ လုပ်လေ၊ ညောင်ဆွယ်ကျေးရွာတို့၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့်နှင့် မနန်းနွမ်ဟွမ်တို့က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးအကြောင်းအရာများအား မြန်မာဘာသာဖြင့် လည်းကောင်း၊ ရှမ်းဘာသာဖြင့်လည်းကောင်း၊ အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသော ဒေသခံပြည်သူများအား လက်သန့်စင်အောင်ဆေးကြောနည်း သရုပ်ပြကာ ရေမလိုလက်သန့် ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)များ၊ အသိပညာပေးဗွီနိုင်းများနှင့် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထို့အပြင် ကျေးရွာ (၃)ရွာအတွက် ခြေနင်းလက်ဆေးဘေစင် (၃)စုံ၊ Hand Speaker (၃)ခု၊ Memory Stick (၃)ခု၊ အပူချိန်တိုင်းကိရိယာ (၃)ခု၊ ရေမလိုလက်သန့်ဆေးရည်များနှင့် လက်ဆေးဆပ်ပြာခဲ (၁၀၀၀)ခဲအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မိတ်ဆွေကောင်းလူမှုကူညီရေးအသင်းမှ ဦးအောင်ဆန်းမြင့် ထံမှ သိရှိရသည်။
လူမော် (ပြန်/ဆက်)