ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားနှင့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးဖွင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား မေ ၂၆

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကချင်ပြည်နယ်၏ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားဖွင့်ပွဲကို ကျောင်းဘောလုံးကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်တို့သည် ကျောင်းဘင်ခရာပန်းအဖွဲ့များ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဘင်ခရာနှင့် ပန်းပွားအဖွဲ့များက မြန်မာ့ကျောင်းသီချင်းဖြင့် တီးမှုတ်ဖျော်ဖြေမှု ကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ကျောင်းအပ်နှံရေးအခမ်းအနားကို အေးမြသီတာခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား/ ကျောင်းသူလေးများက “မြန်မာ့ကျောင်း” တေးသီချင်း သီဆိုဖျော်ဖြေဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေး အားလုံး ကျောင်းအပ်နှံကြပါစို့” ဟူသည့် ဆောင်ပုဒ်အတိုင်း ကျောင်းနေအရွယ်ကလေးအားလုံး အချိန်မီကျောင်းအပ်နှံကြရန်၊ ကျောင်းထွက်နှုန်းလျော့ကြရန်၊ ပုံမှန်အတန်းစဉ် ကူးပြောင်းသင်ကြားနိုင်ရန်၊ အခြေခံပညာအောင်မြင်ပြီး အဆင့်မြင့်ပညာရပ်များကို ဆက်လက်သင်ယူနိုင်ရန်၊ အနာဂတ်ပညာရေးပိုမိုကောင်းမွန်လာစေရန်၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျောင်းသားအားလုံး ဘေးကင်းလုံခြုံစွာ ပညာသင်ကြားနိုင်ရန် အမျိုးသားရေးတာဝန်အနေဖြင့်အားလုံးက ဟန်ချက်ညီညီဝိုင်းဝန်းလက်တွဲ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က ကျောင်းအပ်နှံရေးနေ့အတွက် အခမဲ့ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများကို လည်းကောင်း၊ ဘင်ခရာပန်းပွားအဖွဲ့၊ ဖျော်ဖြေရေးအကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းသား/ ကျောင်းသူလေးများက အ-အက္ခရာအောင်ပါစေ တေးသီချင်းနှင့် ဇာတိမာန်တေးသီချင်းတို့ဖြင့် သီဆိုဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကျောင်းစာသင်ခန်းများအတွင် ထက်၊ လယ်၊ မူအဆင့်အလိုက် ဆရာ၊ ဆရာမများက ကျောင်းသားမိဘများနှင့် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပညာရေးဝန်ကြီးဌာနက အခမဲ့ထောက်ပံ့သည့် ပုံနှိပ်စာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ ကျောင်းဝတ်စုံများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်အတွင်းရှိ အဂ္ဂါဗေဟိုတယ်၌ ဟိုတယ်ခရီးသွား လာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ကချင်ဇုန်)တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း (၃)မျိုး ဖွင့်ပွဲ အခမ်း အနားသို့ တက်‌ရောက်ခဲ့ကြသည်။

အဆိုပါ သင်တန်း (၃)မျိုးဖွင့်ပွဲတွင် ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က ဟိုတယ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝန်ဆောင်မှုအရည်အသွေး ကောင်းမွန် စေရေးအတွက် ယခုလို ဝန်ဆောင်မှုအဆင့်မြင့်တင်ရေး သင်တန်းများကို ဖွင့်လှစ်ပေးခြင်းဖြင့် ခရီးသွား များကို အဆင့်အတန်းရှိသည့် ဝန်ဆောင်မှုများ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတူ ဟိုတယ်ဝန်ဆောင်မှု ကျွမ်းကျင်သည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သကဲ့သို့ ဟိုတယ်များတွင် ခရီးသွား များစိတ်အေးချမ်းသာလုံခြုံစွာ တည်းခိုနေထိုင်မည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဂုဏ်ဆောင်သော၊ ပြည်နယ် ၏ အကျိုးစီးပွားကို အထောက်အကူဖြစ်စေသော ဟိုတယ်များဖြစ်စေရေး အားလုံးက ကြိုးပမ်းဆောင်ရွက် သွားကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ဆက်လက်၍ ကချင်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် စီမံကိန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက် စေရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဒေသခံတိုင်းရင်းသားလူငယ်များ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ယနေ့ သင်တန်းတွင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးစီးပြီး အာဆီယံ အသိအမှတ်ပြု နိုင်ငံအဆင့်ဆရာဖြစ်သင်တန်း လက်မှတ်ရရှိထားသော ဆရာ/ ဆရာမများက ဟိုတယ်ဆိုင်ရာ ဧည့်ကြို၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးနှင့် အဖျော်ယမကာဝန်ဆောင်မှုသင်တန်း (၃)မျိုး ကို တစ်တန်းလျှင် သင်တန်းသား (၃၀)ဦးဖြင့် (၄)ပတ်ကြာဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ် အတွင်း ပြီးခဲ့သည့် (၅)နှစ်တာ သက်တမ်း၌ ဟိုတယ်အသစ် (၂၂)လုံး၊ တည်းခိုရိပ်သာအသစ် (၂၃)လုံး၊ ခရီး သွားလှည့်လည်ရေးကုမ္ပဏီအသစ် (၄၆)ခုတို့အတွက် လိုင်စင်အသစ်များ ထပ်မံချပေးခဲ့သဖြင့် စုစုပေါင်း ဟိုတယ် (၆၆)လုံး၊ တည်းခိုရိပ်သာ (၃၁)လုံး အခန်းပေါင်း (၂၉၅၀)ခန်းနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ (၈၁)ခုထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)