ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့် (ဆင့်ပွား)ဆွေးနွေးပွဲ (သင်တန်း)ဆင်းပွဲကျင်းပ

ဒဂုံအရှေ့ မေ ၂‌၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် KG နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံဖြိုးရေးဆိုင်ရာမြို့နယ်အဆင့် (ဆင့်ပွား)ဆွေးနွေးပွဲသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက အမှတ်(၇)ရပ်ကွက် မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်က အဖွင့်အမှာစကားပြောကြားရာတွင် ဆွေးနွေးပွဲကနေရရှိလာသည့် အသိပညာ၊ ဗဟုသုတတွေကို ကလေးတွေအပေါ်မှာစေတနာထားပြီး တတ်မြောက်ဆောင်ရွက်ပေးဖို့လိုအပ်ကြောင်း၊ တာဝန်သိသိ၊ တာဝန်ရှိတဲ့ဝန်ထမ်းကောင်းတွေဖြစ်ကြရန်လိုအပ်ပါကြောင်း   အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး(ပညာ) ဒေါ်ခင်ဥမ္မာက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများကိုယ်စား လက်ထောက်မူလတန်းပြ ဒေါ်တင်တင်အောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသား၊ သင်တန်းသူများက ပန်းကလေးရဲ့ဥယျာဉ်မှူး သီချင်း၊ တီကောင်ကဗျာ၊ တောင်ယာဝင်ချိန်သီချင်း၊ မန်းတောင်ရိပ်ခိုသီချင်း၊ ချစ်ခြင်းများစွာပေးကြပါ ကဗျာများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲကို သင်တန်းသား၊ သင်တန်းသူ(၁၀၆) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မေ ၁၄ ရက်‌နေ့မှ မေ ၂၄ ရက်နေ့ထိ(၁၀)ရက်ဖွင့်လှစ်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။

အေးမဉ္ဇူ