ပန်းဘဲတန်း မေ ၂၆
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် “နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့နံနက် ၈ နာရီက ကျောင်းအပ်နှံ၊ လက်ခံခြင်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းအပ်နှံရာတွင် KG တန်းကလေးများအတွက် သင်ရိုးသစ်ပုံနှိပ်စာ ၄ မျိုး၊ ခဲတံနှင့်ကျောင်းဝတ်စုံ၊ မူလတန်း Grade-1 to Grade-5 တွင် ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ကျောင်းဝတ်စုံများ ပေးအပ်သွားမည်ဖြစ်ကြောင်း၊ အလယ်တန်းနှင့် အထက်တန်းတွင် ဘောပင်၊ ဗလာစာအုပ်၊ ပုံနှိပ်ဘာသာစုံ အခမဲ့ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် ပန်းဘဲတန်းမြို့ပေါ်ကျောင်းများတွင် ယမန်နေ့နံနက်ပိုင်း၌ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများက သက်ဆိုင်ရာအတန်းများအလိုက် လာရောက်ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် အထက်တန်းကျောင်း(၃)ကျောင်း၊ အလယ်တန်းကျောင်း(၂)ကျောင်း၊ အ.မ.က ကျောင်း(၃)ကျောင်း၊ စုစုပေါင်း(၈)ကျောင်းရှိပြီး မေလ ၂၅ ရက်မှ မေလ ၃၁ ရက်အထိ အခမဲ့ကျောင်းအပ်လက်ခံခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံး တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)