စစ်တွေ မေ ၂၆
မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးရခြင်းမှာ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက်လည်းကောင်း၊ သစ်တောသယံဇာတများရေရှည်တည်တံ့စေရန်နှင့် မြို့ပြများ စိမ်းလန်းစိုပြည်သန့်ရှင်းသာယာလှပစေရေး၊ ပြည်သူများကျန်းမာပျော်ရွှင်ရေးအတွက် အပန်းဖြေနားနေစရာများ ဖွံ့ဖြိုးလာစေရေးနှင့် သစ်တောဂေဟစနစ်များ ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ပြီး စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထိုသို့ စိုက်ပျိုးရာတွင် အရိပ်ရလေကာပင်များ၊ ပန်းအလှသစ်ပင်ကြီးများကို စနစ်တကျစိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားကြောင်း၊ သစ်တောများစိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရေ၊ မြေ၊ ရာသီ ဥတုကောင်းမွန်မျှတစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနှင့်ဝန်ဆောင်မှုကဏ္ဍအသီးသီးအတွက် ကုန်ကြမ်းပစ္စည်းများ၊ သွင်းအားစုများ၊ ပတ်ဝန်းကျင်ဆိုင်ရာဝန်ဆောင်မှုများကိုလည်း ပံ့ပိုးပေးလျက်ရှိ ကြောင်း၊ နိုင်ငံတော်သမ္မတကြီးက လမ်းဘေးဝဲယာများတွင် သစ်ပင်ကြီးများစိုက်ပျိုးနိုင်ရန် လမ်းညွှန်မှာကြား ထားရှိကြောင်း၊ စိုက်ပျိုးမည့် ပုံစံများကိုလည်း သက်ဆိုင်ရာဌာနများကို မှာကြားထားပြီး ဖြစ်ကြောင်း၊ အလားတူ မိမိတို့၏ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ရုံးအပြင်ဘက်များတွင် သင့်တော်ရာနေရာများ၌ စိုက်ပျိုးနိုင်ရန် တိုက်တွန်းမှာကြားလိုကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့်လည်း တစ်အုပ်တစ်မထင်းစိုက်ခင်းများ စိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ထားကြစေလိုကြောင်း၊ မိုခါမုန်တိုင်းတိုက်ခတ်ပြီးနောက် စိုက်ပျိုးထားသော အပင်များလည်း ဖြစ်ထွန်းကြီးထွားနေသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် စိုက်ပျိုးပြီးအပင်များ ရှင်သန်ကြီးထွားနိုင်ရန်အတွက် အောက်ခြေရှင်းအလင်းဖွင့်ခြင်းတို့ကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း၊ မိမိတို့ပတ်ဝန်းကျင်စိမ်းလန်းသာယာစေရန်၊ ပတ်ဝန်းကျင်တွင် အမှိုက်ကင်းစင်စေရန်နှင့် သန့်ရှင်းသာယာသော လူမှုပတ်ဝန်းကျင်ဖြစ်စေရန်အတွက် သစ်ပင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ အလားတူ ဝန်ထမ်းအိမ်ရာများတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ စိုက်ပျိုးနိုင်ရေး ဝန်ထမ်းများအား တိုက်တွန်းပေးကြရန် မှာကြားလိုကြောင်းနှင့် သက်ဆိုင်ရာ ဌာနအလိုက် တစ်ပိုင်တစ်နိုင် သစ်ပင်စိုက်ပျိုးနိုင်ရေး စီစဉ်ဆောင်ရွက်သွားကြရန် ပြောကြားသည်။
ဆက်လက်ပြီး ပြည်နယ်သစ်တောဦးစီးဌာန ပြည်နယ်ဦးစီးမှူးက မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေနှင့်ပတ်သက်၍ လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးက မိုးရာသီပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား လည်းကောင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်း ဆွေးနွေးတင်ပြကြသည်။ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း (ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး