နေပြည်တော် မေ ၂၆
ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံမိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း (လယ်ဝေးမြို့နယ်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေး ပညာပေးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ တိုင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်သည်။
ရှေးဦးစွာ တိုင်းရင်းဆေးပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက အမှာစကားပြောကြားရာတွင် ပြည်သူလူထုအား တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အရေးပါသည့် အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ မြန်မာ့တိုင်းရင်းဆေးပညာသည် ရှေးနှစ်ပေါင်းများစွာကပင် ပြည်သူများ၏ကျန်းမာရေးကို တစ်တပ်တစ်အားစောင့်ရှောက်ပေးခဲ့သည့် အဖိုးတန်ပညာရပ်ဖြစ်ပါကြောင်း၊ အခြေခံတိုင်းရင်းဆေးပညာပေး သင်တန်းများအား နိုင်ငံတော်အစိုးရ၏ ရက် ၁၀၀ စီမံချက်ကာလတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီး၌ ရက်တိုသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိကြောင်း၊ သင်တန်းများဖွင့်လှစ်ရာတွင် ပြည်သူလူထုအနေဖြင့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အခြေခံအသိများရရှိနိုင်စေရန်၊ မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသိပညာများတိုးပွားလာစေရန်၊ မိမိတို့ပတ်ဝန်းကျင်ရှိ အပင်များနှင့် မီးဖိုချောင်သုံးပစ္စည်းများ၏ ဆေးဖက်ဝင်ပုံများကို သိရှိနားလည်စေရန်နှင့် မိသားစုကျန်းမာရေးကို ကာကွယ်စောင့်ရှောက်နိုင်စေရန် စသည့်ရည်ရွယ်ချက်သုံးရပ်ဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ သင်တန်းသားသင်တန်းသူများအနေဖြင့် မိမိတို့၏ပတ်ဝန်းကျင်၊ ရပ်ရွာအတွင်း မြန်မာ့တိုင်းရင်းဆေးပညာဖြင့် ကျန်းမာရေးအသိပညာပေးပြီး ပြန်လည်မျှဝေနိုင်စေရန်၊ တိုင်းရင်းဆေးဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုပြုနိုင်စေရန်နှင့် ရောဂါကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများတွင် ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်ကြပါစေကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ဆက်လက်၍ လယ်ဝေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ အဖွဲ့ဝင်(၁) ဦးဖြိုးကြည်ဆွေက နှုတ်ခွန်းဆက်စကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်စကား ပြောကြားသည်။ အဆိုပါ အခြေခံတိုင်းရင်းဆေးပညာပေးသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ ၃၂ ဦး တက်ရောက်လျက်ရှိပြီး မြန်မာ့တိုင်းရင်းဆေးပညာသမိုင်း၊ တိုင်းရင်းဆေးပညာအခြေခံ သဘောတရားများ၊ နွေမိုးဆောင်းဥတုသုံးပါးတွင် ဖြစ်တတ်သောရောဂါငယ်များနှင့် မြန်မာ့တိုင်းရင်းဆေးပညာကဏ္ဍ၊ တိုင်းရင်းဆေးကုဌာနသုံး ဆေးဖုံများအကြောင်းသိကောင်းစရာ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများအသုံးပြုပုံ၊ မိမိပတ်ဝန်းကျင်ရှိ ဆေးဖက်ဝင်အပင်များအသုံးပြုပုံ၊ တိုင်းရင်းဆေးပညာဖြင့် ဆောင်ရန်ရှောင်ရန်သတိပြုရန်နည်းလမ်းများ၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်များ စသည့်ဘာသာရပ်များအား သင်တန်းနည်းပြများက မေ ၂၅ ရက်မှ ၂၇ ရက်အထိ သင်ကြားပို့ချမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)