ကျောက်ပန်းတောင်းမြို့နယ်၌ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေးလျက်ရှိ

ကျောက်ပန်းတောင်း မေ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲက အစိုးရသစ်၏ ရက် (၁၀၀) ကာလအတွင်း ဆောင်ရွက်နေသော မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲကို မေ ၂၆ ရက် နံနက် (၁၁)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်သည်။

ချေးငွေပေးအပ်ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ချေးငွေအကြံပေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်က အမှာစကားပြောကြားရာတွင် ၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးသီးနှံများကို လျာထားချက်ကျော်လွန်အောင်စိုက်ပျိုးသွားကြရန်၊  ရည်မှန်းချက် ပန်းတိုင်အထွက်နှုန်းရရှိရေး အလေးထားဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးစရိတ်ချေးငွေများ လေလွင့်မှုမရှိအောင် စိုက်ပျိုးရေးသွင်းအားစုများအတွက် စနစ်တကျသုံးစွဲကြရန် အလေးထားပြေကြား သည်။ ဆက်လက်၍ မြို့နယ်မန်နေဂျာ ဒေါ်လွင်မာထွန်းက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးမှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်မန်နေဂျာတို့က ခင်မွန်ကျေးရွာအုပ်စုမှ တောင်သူများထံ စိုက်ပျိုးစရိတ်ချေးငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးစရိတ်ချေးငွေများကို ၁၉-၅-၂၀၂၆ ရက်နေ့မှ စတင်ထုတ်ချေးပေးနေခြင်း ဖြစ်ပြီး စပါးတစ်ဧကလျှင် ကျပ်၃၀၀၀၀၀ နှုန်းနှင့် အခြားသီးနှံ တစ်ဧကလျှင် ကျပ် ၂၅၀၀၀၀  နှုန်းဖြင့် စုစုပေါင်းစိုက်ဧက ၆၆၆ ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း ကျပ် ၁၆၆၅၀၀၀၀၀  ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြို့နယ်မန်နေဂျာ ဒေါ်လွင်မာထွန်းထံမှ သိရသည်။ ယခု ထုတ်ချေးသည့် ခင်မွန်ကျေးရွာအုပ်စု အပါအဝင် ယနေ့အထိ ကျေးရွာအုပ်စု ၅ အုပ်စုမှ တောင်သူ ၂၇၉ ဦးတို့အား ချေးငွေကျပ် ၃၂၀၄ ဒသမ ၅၀ သိန်းထုတ်ချေးပေးပြီးဖြစ်ကြောင်းသိရသည်။

နေအောင်(ပြန်/ဆက်)