နေပြည်တော် မေ ၂၆
၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် လယ်ဝေးမြို့နယ်အတွင်း ကျောင်းအပ်လက်ခံနေမှုများကို ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် လယ်ဝေးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် တာဝန်ရှိသူများ လိုက်ပါလျက် လှည့်ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့် တာဝန်ရှိသူများသည် လယ်ဝေးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား/ကျောင်းသူများ ကျောင်းလာရောက်အပ်နှံမှုအခြေအနေများကို ကြည့်ရှုအားပေးကာ နိုင်ငံတော်မှထောက်ပံ့သည့် သင်ထောက်ကူပစ္စည်းများ ပေးအပ်နေမှုအခြေအနေများကို ကြည့်ရှုအားပေး၍ ကျောင်းသား ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံအားပေးခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဝင်ကကျောင်းအတွင်း လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များကို ကျောင်းမဖွင့်မီ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကူညီဆောင်ရွက်ရန် ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
လယ်ဝေးမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၆၄ ကျောင်းဖွင့်လှစ်ထားရာ ယနေ့တွင် ကျောင်းသားကျောင်းသူ ၃၈၈၇ ဦး ကျောင်းအပ်နှံခဲ့ပြီး ဆက်လက်အပ်နှံလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)