မြစ်သား မေ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်ကျေးလက်နေတောင်သူများသည် မြေအောက် ရေနှင့်ကင်းတားဆည်ရေကိုအသုံးပြုကာ မိသားစုတစ်နိုင်တစ်ပိုင် သင်္ဘောစိုက်ခင်းများအောင်မြင်ဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အဓိကစိုက်ပျိုးကြသောသီးနှံများမှာ စပါး၊ နှမ်း၊ ပဲအမျိုးမျိုး၊ ဖူးစားပြောင်း၊ နေကြာ၊ ငရုတ်၊ ခရမ်းချဉ်၊ ကြက်သွန်၊ ခရမ်းသီးစသည့်ကာလတို သီးနှံအမျိုးမျိုးတို့အပြင် နှစ်ရှည်သီးနှံဖြစ်သည့် မာလကာ၊ သင်္ဘော၊ ငှက်ပျော၊ နဂါးမောက်စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြကြောင်း သိရသည်။
သင်္ဘောကို မိုးဦးကာလဖြစ်သည့် ဧပြီလတွင် နွားချေး၊ မြေဆွေး၊ နုန်းမြေ၊ သဲတို့ဖြင့်ရောစပ်ပြီး ၅ လက်မ ၉လက်မအိတ်များထဲသို့ထည့်သွင်းပြီး တစ်အိတ်တစ်စေ့နှုန်းဖြင့် စတင်ပျိုးထောင်ကာ တစ်လသားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးကြကြောင်းသိရသည်။
ပြောင်းရွှေ့မစိုက်ပျိုးမီ သင်္ဘောစိုက်ပျိုးမည့်ယာကွက်ကို ကြိုတင်ထွန်ယက်ပြီး သင်္ဘောပင်များပင်သေပျောက်မှုမရှိစေရန်အတွက် ပျိုးထောင်ပြီးသန်မာသည့် ပျိုးပင်များကိုရွေးချယ်ကာ နေရောင်ခြည်ကောင်းစွာ ရရှိစေရန်နှင့် လေဝင်အထွက်ကောင်းမွန်စေရန် စိုက်ပျိုးမည့်တစ်ပင်နှင့်တစ်ပင် ရှစ်ပေခြားကာ အလျား၊ အနံ၊ အနက် နှစ်ပေရှိသည့် စိုက်ကျင်းများအတွင်း နွားချေး၊ နုန်းမြေ၊ မြေဆွေးတို့ကို ဆတူရောပြီးကြိုတင်ထည့်ထားကာ စိုက်ပျိုးကြရသည်။ လိုအပ်သည့်အချိန်များတွင် ပိုးနှင်ဆေး၊ ပိုးသတ်ဆေးများဖျန်းပေးရကြောင်းနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ မြေသြဇာကျွေးခြင်းများလည်း ပြုလုပ်ပေးရကြောင်းသိရသည်။ ထွက်ရှိလာသောသင်္ဘောသီးများကို ဖောက်သည်များမှ ခြံများအထိလာရောက်ခူးယူပြီး မြစ်သားမြို့စျေးများတွင် ရောင်းချကြောင်း ရွှေကြာအင်းကျေးရွာ သင်္ဘောစိုက်တောင်သူ ဦးဝင်းမြင့်ထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)