မြစ်ကြီးနား မေ ၂၆
ကချင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့နှင့် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူများ စီမံအုပ်ချုပ်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို မေ ၂၅ ရက်ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တွေ့ဆုံခဲ့ကြသည်။
ရှေးဦးစွာ ကချင်ပြည်နယ် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းများအနေဖြင့် တည်ဆဲဥပဒေနှင့်အညီ မှတ်ပုံတင်ကြရန်၊ ဌာနမှ ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ကြရန်၊ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားသည့် ကိုယ်ပိုင်ကျောင်း ဥပဒေ၊ နည်းဥပဒေများ ကို သိရှိလိုက်နာကြရေးနှင့် ပြည်နယ်၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မြင့်မားရေးအားလုံးက ဟန်ချက် ညီညီပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မျိုးချစ်စိတ်ဓာတ်ရှိပြီး ဘက်စုံထူးချွန်သည့် လူငယ်များဖြစ်လာအောင် ပြုစုပျိုးထောင်ပေးကြရန်နှင့် အမိန့်နှင့်ညွှန်ကြားချက်များကို လိုက်နာပြီးလိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။
ထို့နောက် ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်ပညာရေးမှူး ဦးနိုင်ဝင်းအောင်က ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အမိန့်နှင့်ညွှန်ကြားချက်များ၊ ဥပဒေ၊ နည်းဥပဒေနှင့် လိုက်နာဆောင်ရွက်ရမည့်ကိစ္ဏရပ်များကို ရှင်းလင်းပြောကြားပြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဝင်၊ ဌာန ဆိုင်ရာတာဝန်ရှိသူများက ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာ ကြရမည့် လုပ်ငန်းအစီအစဉ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တက်ရောက်လာ ကြသော ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်း တည်ထောင်သူနှင့် စီမံအုပ်ချုပ်သူများကို သိလိုသည်များ ကို ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ သည်။
ကချင်ပြည်နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက မူလတန်းကျောင်း (၂၃)ကျောင်း၊ အလယ်တန်းကျောင်း (၁၁)ကျောင်းနှင့် အထက်တန်းကျောင်း (၄၄)ကျောင်း စုစုပေါင်း (၇၈)ကျောင်း ဖွင့်လှစ်ခဲ့သည့်အပြင် နိုင်ငံတကာသင်ရိုးနှင့် သင်ကြားနေသော ကျောင်းတစ်ကျောင်း ဖွင့်လှစ်ထားရှိကြောင်းသိရပြီး ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့တွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)